ပဲခူးတိုင်း၊ပေါင်းတည်မြို့နယ်၊ရိုးမတောင်ခြေတွင် စစ်သားများကင်းပတ်နေစဥ် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄ ဦးဒဏ်ရာရရှိသွားကြောင်း Bago Region PDF က ယနေ့ထုတ်ပြန်သည်။
မေလ ၁၂ ရက်၊ ညနေ ၈ နာရီခန့်တွင် အင်အား ၄၀ ဝန်းကျင်တပ်စွဲထားသောပေါင်းတည်မြို့နယ်၊ပဲခူးရိုးမတောင်ခြေ၊ ရုပ်ဆိုင်ရွာမှ ရွာ အပြင်ဘက်သို့ ကင်းလှည့်ထွက်လာစဥ် PDF များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ညက ဝင်ပစ်တာ စစ်သား ၄ ယောက်အတော်ထိတယ်။ ၂ ယောက်သေတယ်လို့လည်းကြားတယ်။လှည့်ကင်းကို ညှပ်ပစ်တာ။သူတို့က ၁၂၀ (မမ) တွေနဲ့ပြန်ပစ်တော့ ပြန်ဆုတ်လာခဲ့ရတယ်”ဟု ပေါင်းတည်PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
ယင်းပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီများတပ်စွဲထားသော ရဲကင်းမှနေ၍ ၁၂၀ (မမ)ဖြင့်လက်နက်ကြီးပစ်ကူခဲ့သဖြင့် PDF ရဲဘော်များပြန်လည်ဆုတ်ခွာလာခဲ့ကြောင်းသိရသည်။
စစ်သားများဒဏ်ရာရရှိခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PPDF တပ်ရင်း ၃၆၀၁ တပ်ခွဲ(၂)Tiger စစ်ကြောင်းက ၂ ဖွဲ့ခွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။