သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီးအား ဖြေရှင်းရန်အတွက် အင်းအားမလုံလောက်သောကြောင့် နိုင်ငံတကာအနေဖြင့် ကူညီပေးရန် ရခိုင့်တပ်တော်(AA) ၏ ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ယနေ့တွင် ပြောကြားလိုက်သည်။
ရခိုင့်တပ်တော် (AA) အနေဖြင့် ရှိသမျှအရင်းအမြစ်များအ စုစည်းကာ သဘာဝဘေးအန္တရာယ်ကို ဖြေရှင်းရန်အတွက် ကြိုးစားနေသော်လည်း လုံလောက်မှုမရှိကြောင်း ဆိုသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့တွင် စစ်တွေမြို့အား ဗဟိုပြု ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်တစ်ဝန်းတွင် ပျက်စီးဆုံးရှုံးများ များစွာဖြစ်ပေါ်ခဲ့ကာ အရေးပေါ်ကယ်ဆယ်ရေးများ လုပ်ဆောင်ပေးရန် ရှိကြောင်းလည်း ရခိုင့်တပ်တော် (AA) ၏ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
ရခိုင်ပြည်သူများအနေဖြင့် စုဆောင်းထားသည့် ဆန်၊ စပါး စားနပ်ရိက္ခာနှင့် ကျွဲ၊ နွား တိရစ္ဆာန်များလည်း မုန်တိုင်းဒဏ်ကြောင့် များစွာဆုံးရှုံးခဲ့ရကာ ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အပူတပြင်းလုပ်ဆောင်ပေးဖို့ လိုအပ်နေကြောင်း သိရသည်။
မုန်တိုင်းဖြတ်သန်းသွားခဲ့သည့် လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများတွင် အဆောက်အအုံများနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုသည်လည်း ၉ ၀ရာခိုင်နှုန်းခန့်ရှိပြီး လျှပ်စစ်မီးပြတ်တောက်ခြင်းအပြင် ဖုန်း၊ အင်တာနက် စသည်တို့လည်း ပြတ်တောက်နေကြောင်း သိရသည်။
လက်ရှိတွင် မုန်တိုင်းဒဏ်သင့်သည့် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများအား ချက်ချင်းထောက်ပံ့ရန်အတွက် အရေးတကြီးလိုအပ်နေသည်ဟုဆိုသည်။
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းမဝင်ခင် အရင်းအမြစ်များအားလုံးအား အသုံးပြုကာ ကိုယ်တိုင်ကြိုတင် ပြင်ဆင်ပြောင်းရွှေ့နိုင်ခဲ့သည့်အတွက် ပြည်သူများ၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီး ယင်းလုပ်ငန်းစဉ်အတွင်း ပူးပေါင်းပါဝင်ပေးခဲ့ကြသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများအား ကျေးဇူးတင်ကြောင်းလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ပြောကြားထားသည်။