ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတိုက်ပွဲတွင် စစ်ရေးဆက်လက်တင်းမာနေပြီး တောင်သူလယ်သမားများမှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို ရပ်တံ့ထားရပြီး စားဝတ်နေရေး ပိုကျပ်တည်းလာကြောင်း စုံစမ်းသိရသည်။
ဒီးမော့ဆိုအရှေ့ခြမ်းတွင် ဖြစ်ပွားနေသည့်တိုက်ပွဲက နှစ်လကြာခဲ့ပြီ ဖြစ်ပြီး စစ်ကောင်စီဘက်မှ ယခုလတွင် အင်အားထပ်ဖြည့်တင်းကာ ထိုးစစ်ဆင်းရန် ကြိုးပမ်းနေကြောင်း၊ ဒီမောဆိုးအရှေ့ဘက်ခြမ်းတွင်ရှိသော ဒေါစဲ၊ တနီးလာလဲကျေးရွာများ အနီးတစ်ဝိုက်တွင် စစ်ကောင်စီက တပ်စွဲထားသည့်အတွက် စိုက်ပျိုးရေး လုပ်ဆောင်ရန် ခက်ခဲနေကြောင်း ဒေသခံတစ်ဦးမှ ယခုလို ပြောကြားသည်။
“ ကျွန်တော်တို့က လယ်ထဲမှာ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေကို ပြန်သွားယူတယ် စစ်ကောင်စီ ကတပ်စွဲထားတော့ ရွာထဲက ဘယ်သူမှ လယ်ထဲယာထဲလည်းမဆင်းဘူး လယ်ယာတွေလည်းမီးရှို့လို့ ပစ္စည်းတွေ မဆုံးရှုံးအောင်သွားယူတာ သွားယူတဲ့အချိန် သူတို့နဲ့တွေ့ရင် လိုက်လံပစ်ခတ် ဖမ်းဆီးတာတွေ လုပ်တော့ လယ်ယာမလုပ်ရတော့ တောင်သူတွေမှာ စားဝတ်နေရေးကျပ်တည်းတာပေါ့” ဟု ဒေါစဲကျေးရွာမှရွာသားတစ်ဦးက ပြောပါသည်။
ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတွင် မနေ့က မေ ၁၅ ရက်နေ့ တရက်ထဲတွင် တိုက်ပွဲသုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှု အချို့ ရှိနေပြီး စစ်ရေး ဆက်လက်တင်းမာနေဆဲ ဖြစ်သည်ဟု သိရှိရသည်။
“ တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်မှုရှိတယ်။ ရဲဘော်နှစ်ဦးက ထိခိုက်ဒဏ်ရာရထားတယ်။ တစ်ဦးက စိုးရိမ်ရတယ်။ စစ်ကောက်ဘက်က အရေအတွက်ကိုတော့ တိတိကျကျမပြောနိုင်သေးဟု” ကရင်နီအမျိုးသားများ ကာကွယ်ရေး(KNDF)တပ်မှ ရဲဘော်တစ်ဦးက MPAကို ပြောသည်။
စစ်ဘေးရှောင်ပြည်သူများမှာ ရိက္ခာအခက်အခဲရှိလာသည့်အတွက် စစ်ရှောင်အချို့သည် ရွာထဲရှိ ရိက္ခာများ ပြန်လည်သယ်ယူသည့်အချိန်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်အပြင် စစ်ရှောင် နေရာအချို့တွင်လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သောကြောင့် စစ်ရှောင်များနေရာမကြာခန ပြောင်းနေရသည်ဟု သိရသည်။
“ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးမှု ပိုမိုလုပ်ဆောင်လာတော့ စစ်ဘေးရှောင်ဦးရေ ပိုများလာတယ်။ ထောက်ပံ့မှုကနည်းလာတယ် နေရာထိုင်ခင်းကော၊ ဆန်၊ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတော့ အခက်ခဲတွေအများကြီးရှိတယ်။ စားနပ်ရိက္ခာရရှိမှုလည်း ပိုမိုခက်ခဲလာတယ်” ဟု စစ်ဘေးရှောင်များကူညီနေသော ကရင်နီလူအဖွဲ့အစည်းမှ တာဝန်ရှိသူက MPA ကိုပြောသည်။
ကရင်နီပြည်နယ်တွင် တိုက်ပွဲများနေ့စဉ်လိုလိုဖြစ်ပွားလျက်ရှိရာ လက်ရှိအချိန်တွင် စစ်ရှောင်ဦးရေ ၂ သိန်းခွဲအထိရှိလာပြီး တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃၅၀ ကျော်သေဆုံးကာ လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ကျော်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။
မေလမှ စ၍ စစ်ကောင်စီတပ်မှ အင်အားထပ်ဖြည့်ပြီး ထိုးစစ်များဆင်ခဲ့သည့်နေရာများတွင်လည်း ပြန်လည်ထိုးစစ်ဆင်၍ဝင်ရောက်လာခဲ့သည်။