မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်တွင် ပျက်စီးဆုံးရှုံးမှု ၉၈ ရာခိုင်နှုန်းခန့်ရှိကြောင်း ရသေ့တောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ပြည်တွင်းပြည်ပ အလှူရှင်များ လိုအပ်နေကြောင်းလည်း သိရသည်။
“ ရသေ့တောင် တစ်မြို့လုံးနီးပါးကို ပျက်စီးသွားတာ။ ၉၈ ရာခိုင်နှုန်းလောက်ကို ပျက်စီးသွားတာ။ လူအသေအပျောက်ကတော့ ဒုံးပိုက်မှာ ၁၃ ယောက် သေတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ရဖို့အတွက် ပြည်တွင်း ပြည်ပက အလှူရှင်တွေ လိုအပ်နေတယ်။ လူအားရော ငွေအားရော ပါဝင်ပေးကြပါလို့ အကူအညီတောင်းချင်ပါတယ်” ဟု ရသေ့တောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်တွင် ပျက်စီးမှုသည် ၉၈ ရာခိုင်နှုန်းခန့်ရှိပြီး ကျေးရွာများတွင် ပျက်စီးမှု ပိုများနိုင်ကြောင်းလည်း ဆိုသည်။
“ ကျေးရွာတွေက ပိုပြီး ပျက်စီးဆုံးရှုံးမှုများနိုင်တဲ့အတွက် ကျေးရွာတွေကို ကွင်းဆင်းဆောင်ရွက်နိုင်ဖို့ အရေးတကြီးလိုအပ်နေတယ်။ ရှာဖွေကယ်ဆယ်ပြီး ပြန်လည်ထူထောင်ဖို့ကလည်း အရှိန်အဟုန်မြှင့်ပြီးကို ဆောင်ရွက်ဖို့ လိုတာ” ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က ရခိုင်ကမ်းလွန်ကနေ ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် ရသေ့တောင်မြို့အပါအဝင် ရခိုင်ပြည်နယ်တစ်ဝန်းမှ ပြည်သူများသည် အသက်လုကာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ လက်ရှိတွင် အစားအစာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေသည်ဟု စုံစမ်းသိရှိရသည်။
ယန်မနေ့ မေလ ၁၅ ရက် နေ့လယ် ၁၂ နာရီတွင် မုန်တိုင်းဒဏ်ကို အပြင်းအထန်ခံခဲ့ရသည့် စစ်တွေမြို့အဝင်ကို စစ်ကောင်စီက ပိတ်ထားသောကြောင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများမှ အချိန်မီ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိပေ။
သို့သော် မေလ ၁၅ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်တွင် လူမှုကူညီကယ်ဆယ်ရေးအသင်းများအား ဝင်ခွင့်ပြုခဲ့သော်လည်း ညအချိန်ဖြစ်သည့်အတွက် သွားလာရန်ခက်ခဲသောကြောင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများအနေဖြင့် သွားရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။