အလွန့်အလွန်အားပြင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ပေါ်သို့ တိမ်းရှောင်လာကြသည့် ပြည်သူတစ်သောင်းကျော်သည် နေရပ်သို့ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
မုန်တိုင်းကြောင့် လပွတ္တာမြို့အောက်ပိုင်း ပင်လယ်နှင့်နီးသောကျေးရွာများမှ ပြည်သူများသည် ပြီးခဲ့သည့် မေလ ၆ ရက်နေ့မှ စတင်ကာ မုန်တိုင်းအန္တရာယ်ရှောင်ရန်အတွက် လပွတ္တာမြို့နှင့် မြောင်းမြမြို့ပေါ်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
“ မုန်တိုင်းအန္တရာယ်ရှောင်တဲ့သူတွေ ဒီနေ့မနက်ပဲ အကုန် ကိုယ့်နေရပ်ကို ကိုယ်ပြန်ကြပါပြီ။ အခုက ရာသီဉတုလည်း ပုံမှန်ပြန်ဖြစ်ပြီးတော့ အကုန်လုံခြုံစိတ်ချရလို့ ပြန်ကြပါပြီ” ဟု လပွတ္တာနှလုံးမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
မုန်တိုင်းအန္တရာယ်ရှောင်နေသော ပြည်သူတစ်သောင်းကျော်ထဲမှ ပြည်သူ ငါးထောင်ခန့်သည် ယန်မနေ့ မေလ ၁၅ ရက်နေ့က တစ်သုတ်ပြန်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ လေတိုက်တာ ပြင်းတော့ သစ်ကိုင်းကျိုးတာတွေတော့ ရှိတယ်။ ကြီးကြီးမားမားတော့ ပြိုကျ ပျက်စီးတာမျိုးမရှိဘူး။ ပြန်တာက မနေ့ကတော့ ငါးထောင်လောက် ကိုယ့်နေရာ ကိုယ်ပြန်ကြတယ်။ ဒီနေ့က နောက်တစ်သုတ်ပေါ့။ အကုန်လုံးတော့ ပြန်ကြပြီ” ဟု ၎င်းက ဆက်ပြောသည်။
မိုခါမုန်တိုင်းသည် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ က ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှ ဝင်ရောက်ခဲ့ကာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့ကို ဖြတ်ကာ တရုတ်-မြန်မာနယ်စပ်တွင် မုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။