မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် နွေနှမ်းစိုက်ခင်း ဧက ၅၀၀ ကျော် ပျက်စီးသွားကြောင်း သိရသည်။
မေလ ၁၃ရက်နေ့မှ ၁၅ ရက်နေ့ထိ မိုး အဆက်မပြတ် ရွာသွန်းမှုများကြောင့် ပေါက်မြို့နယ်၊သပွတ်စုကျေးရွာအုပ်စုနှင့်လယ်လန်းကျေးရွာအုပ်စုတို့ရှိ နွေနှမ်းစိုက်ခင်းများသို့ တောင်ကျချောင်းရေများ ဝင်ရောက်လာကာ နှမ်းစိုက်ခင်းများပျက်စီးခြင်းဖြစ်သည်။
“မိုးက ၃ ရက်ဆက်တိုက်ရွာတာ မနေ့က မနက် ၃ နာရီမှမိုးတိတ်တယ်။နွေနှမ်း ဧက ၅၀၀ ကျော် ရေဝင်လို့ ပျက်စီးသွားတယ်။ကုန်ပြီပေါ့ဗျာ။ ၁တင်း ၈၀၀၀၀ကျော်ရှိတယ်။မိုးများလို့ တောင်ကျချောင်းရေကနေ ရေဝင်တာ။မြောင်းကလည်း ကောနေတော့ ရေစီး ရေလာမကောင်းဘူး။ကျေးရွာတွေက အမြင့်ပိုင်းမို့ရေမဝင်ဘူး။အနိမ့်ပိုင်း ခြံတွေထဲလောက်သာရေဝင်တာ။တခြားပျက်စီးမှု မရှိဘူး” ဒေသခံတစ်ဦးက ပြောသည်။
ပေါက်မြို့နယ်တောင်ပိုင်းတွင်မေလ၁၅ရက်နေ့၊နံနက်၃နာရီကျော်မှ ယနေ့အထိ မိုးရွာသွန်းမှုမရှိတော့ သော်လည်း စိုက်ခင်းများအတွင်း ရေများဝပ်နေသောကြောင့် နှမ်းရိတ်သိမ်းရန် အခက်အခဲများနှင့်ကြုံတွေ့နေရသည်။
နှမ်း ၁ တင်းလျှင် ကာလပေါက်စျေးကျပ် ၈ သောင်းကျော်အထိ စျေးရှိကြောင်းသိရသည်။