ကယား (ကရင်နီ)ပြည်နယ်ရှေ့တန်းတစ်နေရာတွင် ကျဆုံးခဲ့သည့် အသက် ၁၈နှစ်အရွယ် ကွန်မန်ဒိုရဲဘော် နိုဘယ်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ကယား(ကရင်နီ)တော်လှန်ရေး တပ်ပေါင်းစု (KRU)ကထုတ်ပြန်လိုက်သည်။
မေလ ၁၀ရက်နေ့ ၊ညနေ ၆နာရီခန့်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆင်နွှဲနေသည့် ကယား(ကရင်နီ)ပြည်နယ်ရှေ့တန်းတစ်နေရာတွင် KRU တပ်ရင်း၊တပ်ခွဲ (၁) ကွန်မန်ဒိုတပ်ခွဲမှ ကွန်မန်ဒိုရဲဘော် မောင်အဲလ်ဖရက် (ခ) ခွန် နိုဘယ် ကျဆုံးခဲ့ခြင်းဖြစ်သည်။
“ နယ်မြေလုံခြုံရေးအခြေအနေအရရော နောက်လုပ်မယ့် လုပ်ငန်းစဉ်အခြေအနေရောကြောင့် ရှေ့တန်းနေရာကို တော့မပြောပြတော့ပါဘူး။စစ်ခွေးကတိုက်တဲ့ တိုက်မိုင်းနဲ့ထိပြီး ကျတယ်လို့ယူဆလို့ရပါတယ်။ကျဆုံးချိန်မှာ အသက်၁၈နှစ်ပါ။ကွန်မန်ဒို သင်တန်းဆင်းရဲဘော်ပါ” ဟု KRU ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။
ကျဆုံးရဲဘော် ခွန် နိုဘယ်သည် စစ်ကောင်စီတပ်ကို မဆုတ်မနစ် သော သတ္တိ တို့ဖြင့် တိုက်ထုတ်ခဲ့သည့် ကွန်မန်ဒို ရဲဘော်တစ်ဦးဖြစ်သည်။
“ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကဆုံးခန်းတိုင်အောင် ဆက်လုပ်သွားရမှာပဲ။ရဲဘော်တစ်ယောက်ကျလို့လည်း စိတ်ဓာတ်ကျနေလို့မရဘူး။ဒါပေမယ့် ရဲဘော်ကျတာကိုတော့ အရမ်းတော့ စိတ်မကောင်းဖြစ်မိတယ်။သူ့အတွက်လည်း အရမ်းကြီးနှမြောမိတယ်။ရဲဘော်က သူ့လုပ်ဆောင်စရာရှိတာ သူလုပ်ဆောင်သွားခဲ့ပြီ။သူ့အတွက်တာဝန်ကျေသွားပြီ။ပြောချင်တာက ကျန်ခဲ့တဲ့လူတွေက ကျွန်တော်တို့က ပိုပြီးအားထည့်ပြီး လုပ်ဆောင်ဖို့လိုအပ်တယ်။လိုအပ်တဲ့အနေအထားတစ်ခုမှာလည်း ကျွန်တော်တို့ကဆက်ပြီးတော့ အားကြိုးမာန်တက်နဲ့ လုပ်ဆောင်ရမယ်။စည်းစည်းလုံးလုံးနဲ့ကျွန်တော်တို့က သွားရမယ့် ဟာမျိုးကို မှတ်ချက်ပြုချင်တယ်ပေါ့” ဟု ၎င်းက ပြောသည်။
ကျဆုံးခဲ့သည် ရဲဘော် နိုဘယ် ကို မေလ ၁၁ရက်နေ့တွင် မြေမြှပ်သင်္ဂြိုလ်ခဲ့သည်။