စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ပေါ် ရန်အောင်မြေရပ်ကွက်တွင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သဖြင့် စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူများသည် မိုခါမုန်တိုင်း၏ သက်ရောက်မှုများကိုပါ တွေ့ကြုံခံစားနေရပြီး လက်ရှိတွင် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်နေသည်ဟု စုံစမ်းသိရှိရသည်။
“ ၁၁ ရက်နေ့ ညပိုင်းက စကစ (စစ်ကောင်စီ) တွေက မီးရှို့သွားတာ။ ရှို့သွားတဲ့ ရပ်ကွက်က ချောင်းဦးမြို့ရဲ့ ရန်အောင်မြေရပ်ကွက်ပါ။ ဒေသအခေါ် မြေနန်းရပ်l ပွဲရပ်l ညောင်ပင်ရပ်ဆိုပြီး ထပ်ခွဲပါတယ်။ သူတို့မီးရှို့လို့ နေအိမ်တွေ ဆုံးရှုံးရတဲ့ ပြည်သူတွေက အခုတော့ ဘုရားစောင်းတန်းတွေနဲ့ တောတောင်တွေမှာ စစ်ရှောင်နေရတယ်။ အခုက မုန်တိုင်းကြောင့် အဲ့ဒီစစ်ရှောင်တွေ အကုန်လုံးက စားနပ်ရိက္ခာရော၊ အဝတ်အထည်ရော အကုန်လုံးကို လိုအပ်နေတာပါ” ဟု ချောင်းဦးမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ယခုနှစ် မေလ ၁၁ ရက်နေ့ ညပိုင်းက ချောင်းဦးမြို့ပေါ်၊ ရန်အောင်မြေရပ်ကွက်အား စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့သည့်အတွက် အိမ်ခြေ ၃၀ နီးပါး ဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ သူတို့က (စစ်ကောင်စီ) ညဘက်မှာ ဝင်ရှို့ခဲ့တာဖြစ်တဲ့အတွက် ဘာတစ်ခုမှ သယ်ယူချိန်လည်း မရလိုက်ကြပါဘူး။ အဲ့ဒီဟာကြောင့် အခုအချိန်မှာ စစ်ရှောင်တွေက အရာအားလုံးကို လိုအပ်နေတာပါ။ စားစရာ၊ အဝတ်အထည်တွေအပြင်ကိုမှ လက်ရှိမှာလည်း မိုးတွေက ဆက်တိုက်ရွာနေတာဖြစ်လို့ စောင်တွေနဲ့ အဝတ်အထည်တွေက အဓိကလိုအပ်နေကြတာပေါ့” ဟု မိုးသားရိပ်မီဒီယာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မေလ ၁ ၁ရက်နေ့က ချောင်းဦးမြို့အတွင်း မြန်မာ့စီးပွားရေးဘဏ်အနီးတွင် စခန်းချနေသည့် စစ်ကောင်စီတပ်သားများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက်က်ထိတွေ့မှုများဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်သားများမှ ချောင်းဦးမြို့ ရတနာရွှေဂူဘုရားကြီးအနောက်ဘက်ရပ်ကွက်ကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူတို့အချို့အား ဓါးစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိချိန်ထိလည်း ပြန်လည် လွှတ်ပေးခြင်း မရှိသေးဟု စုံစမ်းသိရှိရသည်။
ထို့နေ့တစ်ရက်တည်းတွင်ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။