မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ဦးထက်မနည်းသေဆုံးကြောင်း တကောင်းမြို့နယ်(ပကဖ)ကထုတ်ပြန်သည်။
မေလ ၁၃ ရက်နေ့၊ နေ့ခင်း ၁၁ နာရီဝန်းကျင်ခန့်က သပိတ်ကျင်းမြို့နယ်၊လက်ပန်ကုန်းကျေးရွာမှ စစ်သားအင်အား၅၀ခန့်သည် တကောင်းမြို့ဘက်သို့ ၆ ဘီးကား ၂ စီးဖြင့် တက်လာစဉ် ဆူးတောကျေးရွာအဝင်၌ မိုင်း ၄ လုံးဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“လက်ပန်ကုန်းမှာက တပ်စွဲထားတာရယ်လို့တော့မဟုတ်ဘူး။ဝင်လိုက် ထွက်လိုက်ပဲ။တခြားရွာတွေမှာလည်းကြုံရင်ကြုံသလိုဝင်တယ်။မီးရှို့တာမျိုးတော့မလုပ်ဘူး။လက်ပန်ကုန်းကနေ ထွက်လာတာ စစ်ကား ၂ စီးကို မိုင်း ၂ လုံးစည်း ၄ လုံးဆွဲတာ။နောက်ဆုံးကားက ထိုးရပ်ပြီး စစ်သားတွေက ပြန်ပစ်သေးတယ်။လက်ပန်ကုန်းကနေ စစ်ကူရောက်လာတာနဲ့ ကျနော်တို့ပြန်ဆုတ်လာတာ”ဟု တကောင်းမြို့နယ်(ပကဖ) သတင်းနှင့်ပြန်ကြားရေး ရဲဘော် တစ်ဦးကပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်သားများက ၅ မိနစ်ခန့်ပြန်လည်ပစ်ခတ်ပြီး လက်ပန်ကုန်းရွာမှ စစ်သား ၂၀ ခန့် ကား ၁ စီးဖြင့် ရောက်ရှိလာကာ သေဆုံးစစ်သားအလောင်းများအား တကောင်းမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
မေလ ၆ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ်၊ ဆူးတောကျေးရွာကိုမီးရှို့ပြီး ပြန်လာသည့် စစ်ကြောင်းအား ညောင်ကုန်းကျေးရွာအနီး၌ တကောင်းပကဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။