မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသရှိ ရွာပေါင်း ၄၀ ကျော်တွင် မိုးများပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ရိတ်သိမ်းခါနီး စိုက်ပျိုးသီးနှံများ ပျက်စီးခဲ့ရကြောင်းသိရသည်။
မေလ ၁၂ ရက်နေ့မှစ၍ ၁၄ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလယ်ကျွန်းဒေသရှိကျေးရွာပေါင်း ၄၀ ကျော်က စိုက်ပျိုးသီးနှံများဖြစ်သည့် မတ်ပဲ၊နှမ်းနှင့်ပဲတီစိမ်း စိုက်ခင်းများအတွင်း ရေဝင်ကာ သီးနှံများပျက်စီးခဲ့ရခြင်းဖြစ်သည်။
“၁၂ ရက်နေ့ကတည်းက မိုးကတောက်လျှောက်ရွာတာပါဗျ။ရပ်တောင် မိနစ်ပိုင်းလောက်ပဲရပ်ပြီး ဆက်ရွာတာပါ။ခုမနက်မှပဲတိတ်တော့တယ်။မိုးကြီးတော့ စိုက်ခင်းတွေထဲ ရေတွေဝင်တော့ သီးနှံတွေပျက်စီးကုန်တယ်”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။
ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသတွင် သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြပြီး ယခုအချိန်သည် မတ်ပဲ၊ပဲတီစိမ်း၊ပြောင်းနှင့်နှမ်း ရိတ်သိမ်းချိန်ဖြစ်သည်။
“အာဏာသိမ်းပြီးကတည်းက ငွေကြေးဖောင်းပွမှုတွေဖြစ်တော့ သီးနှံစျေး တက်သလို ပြန်ဝယ်ရတဲ့ မြေသြဇာ၊ဓာတ်ဆီ၊ဒီဇယ်စျေးတွေကလည်း အဆမတန်တက်တော့။မထူးပါဘူး။စစ်ကြောင်းတွေရှိနေရင် သယ်ယူစရိတ်ကပိုကြီးတော့ ကျနော်တို့တွေ စားရတယ်ကိုမရှိပါဘူးဗျာ။ခုဆို ကိုယ့်ပါးစပ်နားရောက်တော့မှ ပြုတ်ကျတဲ့ထမင်းလုတ်လိုပဲ ရေတွေဝင်တော့ပျက်ကုန်တော့မှာ။ဒီမနက်တော့ မိုးပြတ်သွားတယ်။နေပူရင်တော့ပြန်တော့ရနိုင်သေးတယ်”ဟုရေလယ်ကျွန်းဒေသခံတောင်သူတစ်ဦးကပြောသည်။
မတ်ပဲနှင့် ပဲတီစိမ်း ၁ တင်းလျှင်ကျပ် ၆၅၀၀၀ဝန်းကျင်နှင့် နှမ်း ၁ တင်းလျှင် ကျပ်၈ သောင်းနှင့် ၁ သိန်းကြားလတ်တလောစျေးပေါက်ကြောင်းသိရသည်။
ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က မကြာခဏဆိုသလို စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်နေမှုများရှိပြီး ဒေသခံတောင်သူများအနေဖြင့် သီးနှံရောင်းရန်နှင့်မြေသြဇာဝယ်ယူရန် အခက်အခဲများစွာကြုံတွေ့နေရသည်။