အဖျက်စွမ်းအားအပြင်းထန်ဆုံးဟု သတ်မှတ်ခံထားရသည့် MOCHA CYCLONE မုန်တိုင်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဦးတည်သွားနေပြီး အလွန်အန္တရာယ်ကြီးမားပါသဖြင့် ပြည်သူများဘေးကင်းရာသို့ ကြိုတင်ရှောင်ရှားနိုင်ရန် မိုးဇလနှင့် မိုးလေဝသစောင့်ကြည့်လေ့လာသူများက အသိပေးထားသည်။
မိုးဇလမှ ယနေ့နံနက်ပိုင်းတွင် အဆိုပါ မုန်တိုင်းကို အနီရောင်အဆင့်သတ်မှတ်ထားသလို လေတိုက်ခတ်နှုန်း တစ်နာရီ ၁၃၂ မိုင်၊ လေပြင်းတိုက်ချိန် ၁၄၀ မိုင်တိုက်ခတ်နေပြီး ရေလှိုင်းအမြင့်မှာ မုန်တိုင်းဗဟိုချက်အနီးတွင် ရေလှိုင်းအမြင့် ၅၀ ပေအထိရှိကာ CAT5 မုန်တိုင်းကြီးအဆင့်ကို ရောက်ရှိသွားပြီဖြစ်ကြောင်းလည်း သိရှိရသည်။
ထို့ကြောင့် ဆိုင်ကလုန်းမုန်တိုင်း “ မိုခါ” ဗဟိုပြုနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်တွေမြို့ခံများ ယနေ့တွင် မုန်တိုင်းရှောင်ရန် မြို့ကို စွန့်ခွာနေကြပြီး အဆိုပါ အခြေအနေများနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ်ရှိ တောတွင်းတစ်နေရာက ပြည်သူကာကွယ်ရေး တပ်မတော်သားများ (PDF) မှ မုန်တိုင်းရှောင်နေရသည့် ပြည်သူများသို့ ဆုတောင်းအားပေးစကားများ ပြောကြားခဲ့ကြောင်း MPA ၏ သတင်းရင်းမြစ်က ပြောသည်။
“ ကျနော်တို့ နိုင်ငံသားတွေဟာ စစ်အာဏာရှင်တွေရဲ့ ဘေးဒဏ်ကို ခံစားနေရတဲ့ဒီအချိန်မှာ မုန်တိုင်းဒဏ်ကိုပါ ခံစားရမှာဖြစ်တဲ့အတွက် ပိုပြီးကာယအား ဥာဏအားကြံ့ခိုင်နေဖို့လိုပါတယ်။ ကျနော်တို့အားလုံးဟာ တမြေတည်းသားချင်း ညီနောင်တွေဖြစ်ကြတာမို့ ထပ်တူကိုယ်ချင်းစာပေးနေမှာ ဖြစ်တဲ့အတွက် အားတင်းထားကြပါဦး။ ဒီအခက်အခဲတွေကို တူတူကျော်လွှားကြရအောင်လို့ပြောချင်ပါတယ် ” ဟု PDF ရဲဘော်တစ်ဦးက အားပေးဆုတောင်းစကားပြောသည်။
ထို့အပြင် နောက်ထပ် PDF ရဲဘော်တစ်ဦးကလည်း မြန်မာပြည်သူ၊ ပြည်သားများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇာဝတ် ကျူးလွန်နေမှုကိုလည်း နေ့စဥ်နှင့်အမျှ ခံစားနေရသလို တစ်ဘက်တွင်လည်း သဘာဝဘေးအန္တရာယ်ကို ဒွန်တွဲရင်ဆိုင်ရမည့် အခြေအနေဖြစ်လာသည့်အတွက် ညီနောင်လူမျိုးများနှင့် အတူတကွ ကိုယ်ချင်းစာတရားများကို အခြေခံပြီး ပြည်သူသည်သာ အဓိကအုတ်မြစ်အဖြစ် ငြိမ်းချမ်း၍ စစ်မဲ့သော နိုင်ငံတော်အသစ်တစ်ခုတွင် ပြန်ဆုံကြရန်မျှော်လင့်ကြောင်းလည်း အသိပေးသည်။
” စကစက မတရားသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဘက်ဘက်က ကျဆင်းလာရသလို စစ်ကြောင့် စစ်ရှောင်တွေလည်း ပိုမိုများလာပြီး ပြည်သူအများ နေ့စဉ်နှင့်အမျှ ဒုက္ခဆင်းရဲတွေကြုံတွေ့နေရတဲ့အပြင် အခုလို သဘာဝဘေးအန္တရာယ်မုန်တိုင်းကပါ ဝင်ရောက်ဖို့ ဦးတည်နေတယ်လို့ ကြားရတာ တစ်ကယ်ကို စိတ်ညစ်မိတယ်။ ဒါပေမယ့်လည်း ကျမတို့ရဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားတင်းပြီး ဖြတ်ကျော်ပေးကြပါဦး။ ဒီဘေးဘေးအန္တရာယ်ကိုလည်း ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မုန်တိုင်းကြီးလည်း ခန့်မှန်းထားကြသလို မဟုတ်ဘဲ အဝါအရောင်အဆင့်သို့ အမြန်ဆုံးပြောင်းလဲ ရောက်ရှိပါစေလို့လည်း ဆုတောင်းပေးပါတယ်” ဟု PDF ရဲမေတစ်ဦးကလည်း ပြောသည်။
MOCHA CYCLONE မုန်တိုင်းကြီးဗဟိုပြုနေသည့် ဒေသမှ ပြည်သူများအား ယနေ့ မေလ၊ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီမတိုင်ခင် ဘေးလွတ်ရာကို တိမ်းရှောင်ကြရန် မိုးဇလနှင့် မိုးလေဝသစောင့်ကြည့်လေ့လာသူများက တိုက်တွန်းနှိုးဆော်ထားသည်။