အားကောင်းလာတဲ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်းဟာ ယနေ့ မေလ ၁၂ ရက်နေ့ ည ကိုးနာရီ အချိန်တွင် လေတိုက်နှုန်းသည် တနာရီ မိုင် ၁၀၀ ကျော်နှုန်းနဲ့ မြန်မာနိုင်ငံသို့ ဦးတည်နေပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မိုးလေဝသပညာရှင်များ၏ ခန့်မှန်းချက်များအရ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ယနေ့ နံနက်ပိုင်း တိုင်းထွာချက်များအရ မုန်တိုင်း၏ အမြင့်ဆုံး လေတိုက်နှုန်းသည် တနာရီလျှင် ၇၅ မိုင်မှ ၈၅ မိုင်နှုန်းအထိ ရှိလာရာမှ ယနေ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီအချိန်တွင် တိုင်းထွာချက်များအရ မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် အားအလွန်ကောင်းလာနေပြီး အမြင့်ဆုံး လေတိုက်နှုန်းမှာ တနာရီလျှင် မိုင် ၁၀၀ ကျော်နှင့် ရွှေ့လျားနေကြောင်း စုံစမ်းသိရှိရသည်။
ယင်းအားအလွန်ကောင်းလာနေသော ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံသို့ မေလ ၁၄ ရက်နေ့တွင် စတင်ဝင်ရောက်မည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု သတိပေးချက်ထုတ်ပြန်ထားပါသည်။
အဆိုပါထုတ်ပြန်ချက်ထဲတွင် “ယနေ့မွန်းလွဲမှ (၁၄.၅.၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၉၀)မှ မိုင်(၁၁၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်ဟု ဖော်ပြပါရှိပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၃)ပေမှ (၁၆)ပေခန့် အထိ မြင့်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ထုတ်ပြန်ကြေညာထားသည်။
လှိုင်းအမြင့်မှာ မုတ္တမ ကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၂)ပေခန့် အထိ မြင့်တက်လာနိုင်ကြောင်း၊ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ” (MOCHA)၏အရှိန်ကြောင့် နောက်(၂၄)နာရီအတွင်း မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၁၃.၅.၂၀၂၃)ရက်နေ့မှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၀၀)မှ မိုင်(၁၁၀)ခန့်အထိ၊ ရှိလာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ယနေ့ နံနက်ပိုင်း ထုတ်ပြန်ချက်တွင် ခန့်မှန်းဖော်ပြထားသည်။
Joint Typhone Warning Center ရဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်း၏ အတွင်းပိုင်း အားပြင်းသည့် အချင်းမိုင်မှာ ၄၄၇.၇၇ မိုင်ရှိကြောင်းတွေ့ရပြီး မုန်တိုင်း၏ ဗဟိုပိုင်းကတော့ အချင်းမိုင် ၁၂၀ ရှိကြောင်း ဖော်ပြထားသည်။
Global Disaster Alert and Coordination System (GDACS) ၏ ထုတ်ပြန်ချက်အရ မိုခါမုန်တိုင်းကြောင့် ထိခိုက်မည့်နိုင်ငံများမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒယနိုင်ငံတို့ပါဝင်မည်ဖြစ်ပြီး ၎င်းမုန်တိုင်းကို မေလ ၁၁ ရက်နေ့မှ စတင်ကာ အနီရောင်အဆင့် စတင်သတ်မှတ်လိုက်ပြီး မေလ ၁၂ ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏လူဦးရေ ၂.၂ သန်းခန့်ထိခိုက်နိုင်မည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ လူဦးရေ ၂.၂ သန်းခန့်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ၉၆၀,၀၀၀၊ မကွေးတိုင်းမှ ၁၄၀,၀၀၀၊ ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ၂၅၀,၀၀၀ နှင့် စစ်ကိုင်းတိုင်း၊ မော်လိတ်မြို့မှ ၄၄,၀၀၀ ဦးရေခန့်ပါဝင်ထိခိုက်နိုင်ကြောင်း ထပ်မံထုတ်ပြန်ထားသည်။ လေပြင်းကြောင့် ထိခိုက်ပျက်စီးနိုင်သည့် လေယာဉ်ကွင်းများမှာ စစ်တွေ၊ ဂန့်ဂေါနှင့် ကလေးမြို့မှ လေယာဉ်ကွင်းများပါဝင်ကြောင်း သိရသည်။
မိုးလေဝသခန့်မှန်းပညာရှင်တစ်ဦး၏ ခန့်မှန်းချက်အရ “မိုခါမုန်တိုင်းကြီးသည်မေလ ၁၃ရက်နေ့တွင် ရခိုင်ပြည်နယ် ရခိုင်ကမ်းရိုးတမ်းအနီးကို CAT4 powerful cyclone မုန်တိုင်းကြီးအဖြစ် ချဉ်းကပ် ရောက်ရှိလာချိန်မှာ ဒီရေလှိုင်းခေါ်ဆောင်လာခဲ့မှာဖြစ်ပြီး ရေလှိုင်းအမြင့်မှာ ၃၀ပေအထိမြင့်တက်နိုင်ပါတယ် ပင်လယ်ကမ်းစပ်မြေနိမ့်နေထိုင်ကြသူတွေ အန္တရာယ်ရှိပါတယ်” ဟု သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံပြည်သူများသည် စစ်ဘေးရှောင်နေရသည့်အပြင် သဘာဝဘေးအန္တရာယ်ဘေး (မုန်တိုင်း) ကိုပါ ကြုံတွေ့ခံစားနေကြပြီဖြစ်သည်။ အဆိုပါ မုန်တိုင်းကြောင့် မုန်တိုင်းကို ရှောင်ရှားသည့်ပြည်သူများမှာ ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်တွင် ထောင်ချီသည့်ပြည်သူများ စုဝေးရောက်ရှိနေကြပြီဟုလည်း စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေသူတစ်ဦး၏ ပြောကြားချက်အရ “အချို့ စစ်တွေ-မြောက်ဦးသွားတဲ့ကားဈေးနှုန်းက ပုံမှန်ဆို ၁၅,၀၀၀၊ အခုဆို ၄၅,၀၀၀ မှ ၅၀,၀၀၀ ထိရှိနေပြီ” ဟုသိရသည်။
လူပေါင်း သိန်းချီ သေဆုံးခဲ့ရသည့် နာဂစ်မုန်တိုင်းမျိုး ဖြစ်လာမည်ကို ပြည်သူများအနေနှင့် စိုးရိမ် ထိန့်လန့်လျက် ရှိကြသည်။ စစ်တပ်၏အာဏာသိမ်းမှုနောက်ဆက်တွဲ အနေနှင့် မြန်မာနိုင်ငံ၏ နရာအချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်ခံထားလျက်ရှိဆဲဖြစ်ရာ မုန်တိုင်းကြိုတင်ကာ ကွယ်မှုများ အပြည့်အ၀ ရရှိနိုင်ရန် ပြည်သူများမှာ စိန်ခေါ်မှုတစ်ရပ်လို့ ရင်ဆိုင်နေရပြီ ဖြစ်သည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ဒေသခံများထဲမှ အများစုမှာ မုန်တိုင်းလွတ်မြောက်ရာ နေရာများသို့ ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်း ရွှေ့ပြောင်းရမည့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ Shelter စာရင်းများကိုလည်း သက်ဆိုင်ရာ စစ်တွေမြို့နယ်ရှိ အုပ်ချုပ်ရေးတာဝန်ရှိသူများထံ ဖြန့်ဝေပေးထားကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နေသူ တစ်ဦးမှ ကျောက်တော်မြို့ကို စစ်တွေတို့၊ ပေါက်တောနယ်တို့ဘက်က လူတွေ ပင်လယ်နားနီးတဲ့လူတွေ၊ ရွာတွေ အကုန်ပြောင်းလာကြတယ်။ ရပ်ကွက်ကနေတောင်းလို့ အိမ်ထောင်စုရဲ့ သက်ကြီးရွယ်အိုစာရင်းတွေ၊ ကလေးသူငယ်စာရင်းတွေ သွားပေးရတယ်။ အခုထိတော့ ပြောင်းတဲ့သူတွေက ပြောင်းကုန်ကြတာပေါ့။ မပြောင်းတဲ့သူတွေကလည်း မပြောင်းသေးပါဘူး။ အခုက လေကလဲ ငြိမ်နေတယ်။ မိုးပဲ အုံ့တာ ဟု ယနေ့ ညနေပိုင်း လေးနာရီခန့်က ပြောကြားခဲ့သည်။
စစ်ေတွေမြို့တွင်တော့ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ပြင်ဆင်နေမှုများ ရှိနေကြပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အခုဆို စစ်တွေမှာ ကားတွေ လေယာဉ်တွေလဲ မသွားတော့ဘူး ရပ်ထားကြပြီ။ မဆွဲကြတော့ဘူး။ ရုတ်တရပ် ဆန်တို့ အသီးအရွက်နဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေကလည်း ဈေးတက်ကုန်ပြီ ဝယ်စရာတာင် သိမ်မရှိတော့ဘူး။ ရာသီဥတု အခြေအနေကတော့ မိုးကို မရွာသေးဘူး။ မိုးပဲအုံ့နေတာ။ လေလဲ သိပ်မတိုက်ဘူး ဟု ဒေသခံတစ်ဦးမှ ယနေ့ ညနေ လေးနာရီခွဲခန့်က အတည်ပြု ပြောကြားခဲ့သည်။
လွန်ခဲ့သော ၁၅ နှစ်က ယခုလို မေလအတွင်းမှာ လူပေါင်း သိန်းချီ သေဆုံးခဲ့ရသည့် မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံး လူသေဆုံးမှု ဖြစ်ခဲ့ရသော နာဂစ် ဟု ခေါ်သော ဆိုင်ကလုန်းမုန်တိုင်း၏ လေတိုက်နှုန်းသည် တနာရီ ၁၃၅ မိုင်နှုန်းနှင့် တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး နာဂစ်မုန်တိုင်း၏ မုန်တိုင်းမျက်စိအချင်းသည် ၁၂ မိုင် ဖြစ်ခဲ့သည်။
လက်ရှိ အားပိုကောင်းလာနေသော မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ လေတိုက်နှုန်းသည် ၁ နာရီလျှင် မိုင် ၁၀၀ ကျော် ရှိမှာ ဖြစ်ပြီး ယင်းလေတိုက်နှုန်းထက်လည်း ပိုတိုက်နိုင်ကြောင်း မုန်တိုင်း မျက်စိ၏အချင်းသည် မိုင် ၅၀ ဖြစ်နိုင်ကြောင်း (စက်ကွင်းအကျယ်အပြန့်သည် အချင်းမိုင်ပေါင်း ၅၀၀ မိုင်) ဖြစ် ပေါ်လာနိုင်ကြောင်း မိုးလေဝသ ပညာရှင်များမှ ခန့်မှန်းပြောဆိုမှုများ ရှိနေကြသည်။