ရန်ကုန်မြို့၊ဒဂုံမြို့နယ်အတွင်းရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးကို ၄၀ (မမ) ဗုံးသီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၄နာရီခွဲခန့်က ဒဂုံမြို့နယ်၊ရန်ကုန်တိုင်းလွှတ်တော်ဝန်းအတွင်းရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးကို ၄၀(မမ)ဖြင့် သုံးကြိမ်ပစ်ခတ်ရန် ရည်ရွယ်ထားသော်လည်း ကလပ်မှ ပြန်လာသည့် ပြည်သူကားများ ထိခိုက်မည်စိုးသဖြင့် တစ်ကြိမ်သာ ပစ်ခတ်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ကျနော်တို့အကြိမ်ကြိမ်အသိပေးပြောကြားထားခဲ့ပေမဲ့ရေပေါ်ဆီအသိုင်းအဝိုင်းကလူတွေကအကြောက်အလန့်မရှိပျော်မြဲသွားမြဲပါပဲ။ကျနော်တို့တလရ(တော်လှန်ရေး)သမားတွေအနေနဲ့ကြေညာချက်တွေခဏခဏထုတ်ပြီး စခ(စစ်ကောင်စီ)တွေနဲ့ဝေးဝေးနေဖို့ ၊စခတွေနဲ့မပတ်သက်ဖို့ပြောနေတာတွေကမဆိုင်တဲ့သူတွေမထိခိုက်စေချင်လို့ပါ။ကျွန်တော်တို့ တလရသမားတွေစာထုတ်တိုင်းအစ်ကိုတို့တွေ့ကြမှာပါ။နောက်ဆို Mission မဖျက်ဘူး။ Mission ပြီးစီးအောင်လုပ်မယ်။ဘယ်သူမှမငဲ့ကွက်တော့ပါလို့ပြောခဲ့ကြတယ်။ပြောနေကြပေမယ့် တကယ့်မြေပြင်မှာပြည်သူနဲ့မလွတ်ရင် ဘယ်လောက်ပဲ ခက်ခဲတဲ့missionဖြစ်နေပါစေ ဖျက်ပစ်ခဲ့ကြတာပါပဲ။ရေပေါ်ဆီနေတဲ့သူတွေကိုလည်းသိစေချင်ပါတယ်” ဟု ၎င်းကပြောသည်။
အထက်ပါပစ်ခတ်မှုကို အနောက်ပိုင်းခရိုင် ပကဖ တပ်ရင်း တပ်ခွဲ(၁) နှင့် စမ်းချောင်း ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းလွှတ်တော်ဝန်းအတွင်း စစ်ကောင်စီတပ်က ခြေကုပ်ယူထားသောကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ အထဲက ပျက်စီးထိခိုက်မှုနဲ့ ပတ်သက်ပြီး ဝန်းထဲမှာဖြစ်တဲ့အတွက် ကျနော်တို့မသိရပါ။ပစ်မှတ်တော့ရောက်အောင်ပစ်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းလွှတ်တော်ဝန်းအနီးတွင် Pioneer ကလပ်အပါအဝင် ဘား သုံးခုထက်မနည်းရှိပြီး ကလပ်အများစုသည် ည ၁၀နာရီခန့် မှ နံနက် ၄နာရီအထိ ညစဉ်ဖွင့်လှစ်လျက်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ပစ်ခတ်ခံရခြင်းမှာ မှန်ကန်ကြောင်း ဒဂုံမြို့မရဲစခန်းအတွင်းရှိ တာဝန်ရှိသူတစ်ဦးထံမှ MPAကစုံစမ်းသိရသည်။