မြင်းမူ၊လက်ထုတ္တောရွာ အိမ်ခြေ၆၀၀ကျော် မီးရှို့ခံရရုံတင်မက သက်ကြီးရွယ်အို ၂ဦးလည်း မီးလောင်သေဆုံးသွား
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာတွင် စစ်ကောင်စီတပ်က မီးရှို့သဖြင့် အိမ်ခြေ၆၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ရုံတင်မက သက်ကြီးရွယ်အို၂ဦးပါ မီးလောင်သေဆုံးသွားကြောင်း T.G.R အမျိုးသမီးဒရုန်းတပ်ဖွဲ့ခေါင်းဆောင် ကျားခင်စိန် ကပြောသည်။
မေလ ၅ရက်နေ့၊နံနက် ၈နာရီခန့်က မြင်းမူမြို့နယ်၊လက်ထုတ္တော ကျေးရွာရှိ နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများအား စစ်သားများက တစ်အိမ်တက်ဆင်းခိုးယူပြီးနောက် မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါးမီးလောင်သွားခဲ့ကြောင်း T.G.R အမျိုးသမီးဒရုန်းတပ်ဖွဲ့ခေါင်းဆောင် ကျားခင်စိန် ကပြောသည်။
“ သူတို့ ပစ္စည်းတွေကို သေချာရွေးပြီးရှာပြီးယူတာ။သူတို့မှာပါတဲ့ အိတ်တွေထဲထည့်ယူသွားတယ်။ပြီးမှ မီးရှို့တာ။အိမ်ခြေ ၂၀၀ကို ပြာကျတဲ့အထိရှို့လိုက်တော့ ရွာလုံးကျွတ်မီးကူးပြီး မီးလောင်သွားတာ။အိမ်ခြေ ၆၀၀လောက်ပါသွားတယ်။မီးလောင်တဲ့အချိန်မှာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အို ၂ဦးကတော့ မီးထဲပါပြီး သေသွားတယ်” ဟု ကျားခင်စိန် ကပြောသည်။
လက်ထုတ္တောကျေးရွာသည် အိမ်ခြေ၇၀၀ခန့်ရှိသော ရွာဖြစ်ပြီး မီးလောင်သေဆုံးသွားသူ၂ဦးမှာ အမျိုး သားများဖြစ်သည်။နောက်ထပ်လူ ၂ဦးလည်း ဒဏ်ရာရရှိခဲ့ကာ နွားနှင့်ဝက်အများအပြားလည်းသေဆုံးခဲ့ကြောင်း မြင်းမူ မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
“ ရွာ၅ရွာကတော့ အခုလက်ရှိစစ်ဘေးရှောင်နေရပါတယ်။လူဦးရေက များပါတယ်။ ၃၀၀၀၊ ၄၀၀၀လောက်စစ်ဘေးရှောင်နေရပါတယ်။သူတို့တွေက ကြုံရာ တောတွေမှာဖြစ်သလိုနေနေရပါတယ်။နေပူပြင်းတဲ့ ကြားကခွေးတွေယုတ်မာမှုကြောင့် ပြည်သူတွေအတော်ဒုက္ခရောက်နေရပါတယ်” ဟု ကျားခင်စိန် ကဆက်လက်ပြောသည်။
T.G.Rအမျိုးသမီးဒရုန်းတပ်ဖွဲ့အနေဖြင့် မေလ ၅ရက်နေ့က လက်ထုတ္တောရွာမီးရှို့နေမှုကို တားဆီး ရန်ကြိုးစားခဲ့သော်လည်း Jammerကြောင့် ကင်းထောက်မျှသာပြုလုပ်နိုင်ခဲ့ပြီး ဒရုန်း အလုံအလောက်မရှိသည့်အတွက် အီနာဂါဗုံးမချနိုင်ခဲ့ကြောင်းသိရသည်။