ယနေ့ (မေလ ၆ရက်) ပြုလုပ်မည့် မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲကို သပိတ်မှောက်ကြရန် လူထုစည်းရုံးရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ်က “ အကယ်ဒမီကို Boycott မယ်” စာသား ကိုင်ဆောင်ကာ မေလ ၅ရက်နေ့ကလမ်းမပေါ်တက်၍ လှုံ့ဆော်ခဲ့သည်။
“ တော်လှန်ရေးက တိကျပြတ်သားရတယ်။ ပန်းတိုင်ရောက်ဖို့ အာရုံလွှဲခံရတာမျိုး မဖြစ်သင့်ဘူး။ ဒီလို ပြည်သူတွေကို အာရုံလွှဲဖို့ ကြိုးစားနေတဲ့ ဘယ်အရာကိုမဆို လက်မခံဘဲ တစိုက်မတ်မတ် သွားကြရမယ်” ဟု ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ် တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီက ၎င်းတို့ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းသည့် ရည်ရွယ်ချက် အထ မမြောက်အောင်အားလုံးအတူ အကယ်ဒမီပေးပွဲကို သပိတ်မှောက် ကြဖို့ တိုက်တွန်းကြောင်းလည်း သပိတ်လှုပ်ရှားမှုမှတစ်ဆင့် တောင်းဆိုထားသည်။
” ဒီလိုအချိန်မှာ အကယ်ဒမီပွဲ ထလုပ်တာက အမှားကြီးလို့ပဲ မြင်တယ်။နိုင်ငံရဲ့ တော်ပါတယ်၊ ဝါရင့်ပါတယ် ဆိုတဲ့ သရုပ်ဆောင် တစ်ဝက်လောက်ကလည်း ဒီမှာမှ ရှိမနေတာ။ဒီနှစ်အကယ်ဒမီရတဲ့ သူတွေကလည်း သောက်ပေါတွေပဲ ဖြစ်လိမ့်မယ်ထင်တယ်။လူမရှိ လို့ ပေးရတာမျိုးပေါ့” “ ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦး ပြောသည်။
၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၂ခုနှစ်များအတွက် ၃နှစ်စာ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ယနေ့တွင် နေပြည်တော် လဟာပြင်ကဇာတ်ရုံ၌ ကျင်းပမည် ဖြစ်သည်။