မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းရွာ ရဲစခန်းတွင်တာဝန်ကျနေသော ပျူစောထီးများအား ယနေ့နံနက်ပိုင်းတွင် မြောက်ခင်ရန်းရွာမှ ပျူစောထီးများနှင့် နေရာအလဲအလှယ်ပြုလုပ်ခဲ့ကြောင်း မြေပြင်သတင်းအရသိရသည်။
“ဒီနေ့မနက်ပိုင်း ၉ နာရီခွဲ ၁၀ နာရီလောက်မှာ ဖောကားတစ်စီးနဲ့အပြည့် မြောက်ခင်ရန်းကပျူစောထီးတွေကို တောင်ခင်ရန်းရဲစခန်းထဲကို ပို့တာပေါ့။ ၁ နာရီခွဲ ၂ နာရီလောက်မှာ ဖောကားတစ်စီးနဲ့အပြည့်ပဲ ပျူစောထီးတွေပြန်ပါသွားတယ်။ သူတို့က တစ်လတစ်ခါ အလဲအလှယ်လုပ်တယ်။ အခုကလည်း အဲ့ဒီလိုတစ်လပြည့်လို့ တာဝန်လဲလှယ်တဲ့သဘောပေါ့”ဟု ယင်းဒေသရှိ ကာကွယ်ရေးရဲဘော်တစ်ဦးက MPA သို့ ပြောသည်။
မြောက်ခင်ရန်းရွာနှင့် တောင်ခင်ရန်းရွာကြားတွင် ရွှေဘိုရွာနှင့် သင်တောရွာဟူ၍ ရွာနှစ်ရွာရှိပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ထိုလမ်းကြောင်းများတွင် မိုင်းများထောင်ထားသော်လည်း မဖောက်ခွဲလိုက်ရဟုဆိုသည်။
“ကြားထဲမှာ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ မိုင်းတွေထောင်ထားပေမဲ့ မခွဲလိုက်ရဘူး။ သူတို့က RPG တွေ၊ စက်သေနတ်တွေပါလာတယ်”ဟု ၎င်းက ဆက်လက်ပြောပြသည်။
အဆိုပါ ပျူစောထီးများသည် သင်တောရွာ၊ ရွှေဘိုရွာတို့မှ ကြက်များအား သတ်စားကာ ဝက်ပေါက်ကလေးများကိုလည်း ဖမ်းယူသယ်ဆောင်သွားကြသည်ဟု စုံစမ်းသိရှိရသည်။
“သင်တောရွာက ကလေးနှစ်ယောက်ကို ဖမ်းပြီး ရိုက်နှက်တာတွေ ပြုလုပ်သေးတယ်လို့ သိရတယ်။ ဒါပေမဲ့ သူတို့ပြန်တော့ ပြန်ပြီးလွှတ်ပေးထားခဲ့တယ်လို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။
မြောက်ခင်ရန်းရွာသည် ဂန့်ဂေါအမတ်ဟောင်း ဘူးလက်လှဆွေနှင့် နီးစပ်မှုရှိသည်ရွာဟု သိရပြီး ပျူစောထီးအင်အားတောင့်တင်းသည်ဟု ဆိုသည်။