ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်အတွက် စစ်ရေးအရအရေးပါသော ရေကြည်ချောင်းတံတားကို မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ညောင်လေးပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်သည်။
ဧပြီလ ၃၀ ရက်နေ့၊ ည ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်၊ ရွှေကျင်ဗျူဟာစခန်း၏ အဓိက ဆက်သွယ်ရေးဖြစ်သော ညောင်လေးပင်-မဒေါက်လမ်းပေါ်ရှိ ရေကြည်ချောင်းတံတားကို မိုင်းဆွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“အဲ့ဒီတံတားက စစ်တပ်အတွက် အဓိက အရေးပါတယ်။ရွှေကျင်မြို့နယ်နဲ့ကျောက်ကြီးမြို့နယ် အပြင် တပ်မဟာ ၅ ဘက်အထိဖောက်ထွက်လို့ရတဲ့အရေးကြီးလမ်းပိုင်းပါ။ပဲခူးတိုင်းအတွက်လည်းအရေးပါတယ်။မွန်ပြည်နယ်ကိုလည်းဖောက်ဝင်လို့ရတယ်။အဲ့ဒီလမ်းပိုင်းက စစ်ကူနဲ့ရိက္ခာပို့ဆောင်တဲ့ အဓိကလမ်းပိုင်းဖြစ်နေလို့ အဲ့ဒီတံတားကို ချိုးလိုက်ရတာပါ”ဟု ညောင်လေးပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မတ်လ ၁၀ ရက်နေ့တွင် ညောင်လေးပင်မြို့နယ် ကွင်းဒလလေးကျေးရွာ၌တပ်စွဲထားသော စစ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အချက် ၃၀ ခန့်ရမ်းသန်းပစ်ခတ်ခဲ့ရာ ရွှေကျင်မြို့နယ်၊ သက္ကယ်ကုန်းစက်စုရွာရှိ နေအိမ်များပေါ်သို့ ကျရောက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။