မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ကင်မွန်းချောင်နယ်မြေရဲစခန်းကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းမီးလောင်ပျက်စီးသွားကြောင်းသိရသည်။
ဧပြီ ၂၇ ရက်၊ ညနေ ၄နာရီ၂၃မိနစ်တွင် ၂ လုံး၊၄နာရီ၂၅မိနစ်တွင် ၃ လုံး၊၅နာရီ၉မိနစ်တွင် ၃ လုံး၊၅နာရီ၁၀မိနစ်တွင် ၂ လုံး စုစုပေါင်း ဗုံးသီး ၁၀ လုံးကို ကင်မွန်းချောင်းရဲစခန်းသို့ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Force-KRF ကယနေ့ ထုတ်ပြန်သည်။
“ကျနော်တို့ ဗုံးသီးစချကတည်းက စခန်းက မီးလောင်နေပြီ။သူတို့ အနည်းငယ်ပြန်ပစ်သေးတယ်။မစ်ရှင်က အဝေးကနေလုပ်တာဆိုတော့ သေချာမမြင်ရဘူးဗျ။လူထိလား၊ မထိလားကအစ အတည်ပြုလို့မရဘူး။စခန်းမီးလောင်တာကိုတော့ အတည်ပြုနိုင်တယ်။မီးသတ်ကားလာတယ်လို့တော့ ကြားတယ်”ဟု KRF မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဒရုန်းဖြင့်ချလိုက်သည့်ဗုံးသီးသည် ရဲစခန်းအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး စခန်းအတွင်းရှိ အဆောက်အအုံအများစုမီးလောင်ကျွမ်းသွားကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများဖော်ပြ နေသည့် KIT ကထုတ်ပြန်ထားသည်။
ရဲစခန်းမီးလောင်ပျက်စီးပြီးနောက် စစ်အုပ်စုဝင်များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ညနေ ၆ နာရီကျော်အထိရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို Kyaikhto Revolution Force၊KNLA၊PDF၊PPDF-KD၊TPDF၊ဘီးလင်း(ပကဖ)နှင့်ကျိုက်ထို(ပကဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
ကင်မွန်းချောင်းရဲစခန်းသည် ကျိုက်ထီးရိုးတောင်ခြေတွင် တည်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မကြာခဏ လာရောက်တိုက်ခိုက်ခြင်းခံနေရသည့်စခန်းလည်းဖြစ်ကြောင်း KIT ကဆိုသည်။
ဧပြီလ ၂၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကို KRF၊KNLAနှင့်မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့သေးသည်။