စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းအား ဧပြီလ၂၇ ရက်နေ့၊ နံနက် ၈ နာရီခန့်တွင် ယင်းမာပင်ခရိုင်တပ်ရင်း ၁၆၊ တပ်ခွဲ ၃ (သမန်းကျားတပ်ဖွဲ့) မှ စောင့်ကြိုမိုင်းထောင်နေစဥ် မိုင်းမတော်တဆဖြစ်၍ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရှိရသည်။
မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်ခွာလာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဆားလင်ကြီးမြို့တွင် တစ်ညအိပ်၍ ပြန်လည်ထွက်ခွာလာစဥ် သမန်းကျားတပ်ဖွဲ့မှ စောင့်ကြိုမိုင်းထောင်ခဲ့ခြင်းဖြစ်သည်ဟု ယင်းမာပင်ခရိုင်တပ်ရင်း- ၁၆ တပ်ရင်းမှူး ဗိုလ်အောက်ဆွဲက MPA သို့ ပြောသည်။
“ မုံရွာနမခ၊ တပ်မ ၃၃ က ၂၆ ရက်နေ့မှာ ဆားလင်းကြီးထိ စစ်ကြောင်းထိုးတယ်ပေါ့။ အဲ့ဒီမှာ သူတို့ကွင်းသွားတဲ့မိုင်းတွေကို ကျနော်တို့ပြန်ဖြုတ်တယ်။ ပြီးတော့ အဲ့ဒီစစ်ကြောင်းက ဆားလင်းကြီးမှာ တစ်ညအိပ်ပြီး ၂၇ ရက်နေ့မှာပြန်ထွက်လာတဲ့ လမ်းကြောင်းမှာ မိုင်းထောင်နေတုန်း မိုင်း error ဖြစ်ပြီး ကျနော့်ရဲ့ဘော်တစ်ဦး ထိခိုက်ဒဏ်ရာရသွားတာပေါ့” ဟု ၎င်းက ဆိုသည်။
အဆိုပါ မိုင်းမတော်တဆဖြစ်သွားသည့် ရဲဘော်သည် အသက်၂၄ နှစ်အရွယ် ရဲဘော်ကိုထက်ဆိုသူဖြစ်ပြီး ယင်းဖြစ်စဥ်ကြောင့် ညာဘက်လက်ချောင်း၂ ချောင်းပြတ်၍ မျက်လုံးတစ်လုံးဆုံးရှုံးသွားသည်ဟု သိရသည်။
“ မိုင်းမတော်တဆနဲ့ တိုက်ပွဲထဲမှာ ဒဏ်ရာရတာကြောင့် ရဲဘော်လေးဦးအထိ ဆေးကုသမှုခံယူနေရတာပေါ့။ ဒါကြောင့်မို့ မိဘပြည်သူတွေအနေနဲ့ ကျနော်တို့တပ်ရင်းကို အကူအညီပေးပါဦးလို့တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းမာပင်ခရိုင်တပ်ရင်း – ၁၆ အနေဖြင့် တိုက်ပွဲများအတွင်း ကျဆုံးရဲဘော် ၁၀ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။