မကွေးတိုင်း၊ရေစကြိုမြို့ပေါ်ရှိ PDF စစ်ဆင်ရေးနယ်မြေသို့ နယ်ကျွံလာသော စစ်ကောင်စီတပ်ကို ပစ်ခတ်ခဲ့ရာ စစ်သား၁ဦးဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT)ကသတင်းထုတ်ပြန်သည်။
ဧပြီလ ၂၇ ရက်နေ့လည် ၁၂ နာရီဝန်းကျင်တွင် အမှတ် ၁ ရပ်ကွက်နှင့် ၃ ရပ်ကွက်တွင် စစ်ဆေးရေးပြုလုပ်နေသည့် စစ်သားများသည်MBT၏အမှတ်(၂)စစ်ဆင်ရေးနယ်မြေအတွင်းသို့ နယ်ကျွံရောက်ရှိလာသည့်အတွက် မိနစ် ၂၀ ခန့်ကြာအပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“သူတို့ က အမှတ် ၁ နဲ့ ၃ ရပ်ကွက်ကို စစ်ဆေးရေးလုပ်နေတာ။ကျနော်တို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေကိုကျွံလာလို့ စ ပစ်တာ။သူတို့ဘက် ၁ ယောက်ဒဏ်ရာရသွားပြီး ပြန်ဆုတ်သွားတယ်။ခုတော့ ရေစကြိုမြို့ထဲမှာ ပတ်မွှေနေတယ်။သူတို့က အင်အားများရင် များသလို စစ်ကြောင်းထိုးတယ်။ဒီတစ်ခါတော့ ကျနော်တို့ က လက်ဦးမှုယူပြီး စပစ်တာ”ဟု Myingyan Black Tiger တာဝန်ခံဗိုလ်မိုက်ခဲ ကပြောသည်။
ဒဏ်ရာရရှိသည့်စစ်သားကို ရေစကြိုပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားပြီး ရုံးပေါင်းစုံ(မြို့နယ်ထွေအုပ်)တွင်တပ်စွဲထားသော စစ်သားများအား ရေစကြိုမြို့ပေါ်သို့ အင်အားဖြန့်ထားကြောင်းသိရသည်။
ဧပြီ ၂၁ ရက်နေ့ကလည်း ရေစကြိုမြို့၊အမှတ် ၄ ဖောင်တော်ဦး ရပ်ကွက် ရှိငြိမ်းဇာနည်စခန်းနှင့်ရုံးပေါင်းစုံတပ်စခန်းတို့ကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့သေးသည်။