မန္တလေးတိုင်း၊နွားထိုးကြီးမြို့မရဲစခန်းမှ ရဲတပ်ကပ်တစ်ဦး ပစ်ခတ်ခဲ့ရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။
ဧပြီလ ၂၆ ရက်နေ့၊ ည ၇နာရီဝန်းကျင်တွင် မြို့မရဲစခန်းမှ ရဲတပ်ကြပ်ခိုင်မင်းထွန်းသည် မြို့အရှေ့ဘက် ဂတ်စ်ပိုက်လိုင်း ကင်းစခန်းသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဥ် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ရပ်ရန်တားသော်လည်း မောင်းနှင်ထွက်ပြေးသွားသောကြောင့် ပစ်ခတ်လိုက်ရခြင်းဖြစ်ကြောင်း Natogyi People’s Defense Force-NPDF(မြင်းခြံခရိုင်အမှတ်-၄တပ်ရင်း) ကထုတ်ပြန်သည်။
“မြို့မစခန်းကနေ ဆိုင်ကယ်နဲ့ ဂတ်စ်ပိုက်လိုင်းကင်းစခန်းကိုသွားတဲ့ ရဲတပ်ကြပ်ကို ကျနော်တို့ရဲဘော်တွေက ရပ်ပေးဖို့တားသေးတယ်။ဒါကို ဒီကောင်က မောင်းပြေးတာ။ကျနော်တို့ကပစ်လိုက်ရတယ်။စခန်းနဲ့လည်းနီးတော့ ပစ်ပြီးကျနော်တို့ ပြတ်ဆုတ်လာခဲ့ရတယ်။သူ့ဆီမှာဘာတွေပါသေးလဲတော့ ကျနော်တို့မသိရဘူး”ဟု NPDF တာဝန်ခံ ကပြောသည်။
ယင်းပစ်ခတ်မှုဖြစ်ပြီးနောက် မြို့မရဲစခန်းမှ ရဲအင်အား ၃၀ ဝန်းကျင်ဖြင့် အလောင်းကိုလာရောက်သယ်ဆောင်သွားပြီး နွားထိုးကြီးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်းသိရသည်။
ယင်းရဲတပ်ကြပ်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
ဧပြီ ၂၂ ရက်နေ့ကလည်း မြင်းခြံမှ နွားထိုးကြီးသို့ စစ်သားများတင်ဆောင်လာသော အိမ်စီးကားကို သာယာကုန်းကျေးရွာအနီးတွင် NPDF ကမိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့သေးသည်။