မကွေးတိုင်း၊ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၃ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်ပကဖ ကသတင်းထုတ်ပြန်သည်။
ဧပြီ ၂၅ ရက်နေ့၊ ည ၉နာရီခွဲခန့်၌ ပခုက္ကူမြို့နယ်၊တဲကုန်းပျူစောထီးကျေးရွာတွင် အရက်သောက်၊ဖဲရိုက်နေသည့် ပျူစောထီးများကို PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီး၈ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“ဘန်ကာထဲကို အရင်ဆုံး လက်ပစ်ဗုံးထည့်တာ။ဘန်ကာထဲမှာ အရက်သောက်နေတဲ့ ပျူ ၃ကောင်ရှိတယ်။ဖဲရိုက်နေတဲ့ ပျူအုပ်စုကိုကျ သေနတ်တွေနဲ့ ဝိုင်းပစ်တာ။ ဖဲရိုက်နေတဲ့ ပျူအုပ်စုကနေ ပစ်လိုက်တဲ့ကျည်က ကျနော်တို့ရဲဘော်ရဲ့ ချိုင်းအောက်ကို ကျည်ဖောက်ထွက်သွားတာ။ကိုယ့်ရဲဘော် ထိ ထားတော့ လက်နက်မကောက်တော့ဘဲ ပြန်ဆုတ်လာလိုက်တယ်။လမ်းမှာပဲ ရဲဘော်က ကျသွားတယ်”ဟု မြိုင်(ပကဖ)တပ်ရင်း-၁ တာဝန်ခံ ဗိုလ်လက်ယာကပြောသည်။
ယင်းတိုက်ပွဲအတွင်း ကာဘိုင် ၁ လက်၊ကျည် ၃၅ တောင့်၊ကျည်ဘောက် ၂ ခု၊လက်ကိုင်ဖုန်း ၃လုံး၊လက်ပစ်ဗုံး ၃လုံး၊ကျည်ကာအင်္ကျီ ၂ထည်၊တစ်ထောင့်ထိုးမောင်းချိုး ၄ လက်နှင့် ၎င်းကျည် ၂၂ တောင့် တို့ကိုသိမ်းဆည်းရရှိပြီး ဒဏ်ရာရ ပျူစောထီးများကို ပခုက္ကူဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။
“တဲကုန်းမှာက တစ်နယ်လုံးကပျူတွေစုနေတာ။၉ နာရီဆို ကင်းပတ်တယ်။ဖဲဝိုင်းရှိတယ်။ကျနော်တို့ အဲ့ရွာကို ဝင်တိုက်ဖို့ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက စောင့်နေတာ”ဟု၎င်းကပြောသည်။
တိုက်ပွဲအတွင်းကျဆုံးသွားသော မြိုင်(ပကဖ) ရဲဘော်ကို ယမန်နေ့က သင်္ဂြိုလ်ကာဂူသွင်းခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁ တပ်ခွဲ(၄)တပ်စု(၃)တပ်စိတ်(၁၊၂)၊မြိုင်ပကဖ OIနှင့်Blcak Cobra တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပျူစောထီးများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။