မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း သိရသည်။
ဧပြီလ ၂၅ ရက်၊ ညနေ ၅ နာရီမိနစ် ၄၀ ခန့်တွင် မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Kyaikhto Revolution Force-KRF ကထုတ်ပြန်ထားသည်။
“မုပ္ပလင်ဂိတ်က ရံဖန်ရံခါ စစ်ဆေးရေးလုပ်တယ်။ခဏခဏလည်းဝင်အတိုက်ခံရတယ်။ဒီတစ်ကြိမ်တော့ သူတို့လည်းသတိရှိပုံရတယ်။လက်နက်ငယ်တွေနဲ့ဝင်ပစ်တာ စစ်သား ၃ ယောက်သေတယ်လို့ မျက်မြင်တွေ့ရှိသူတွေကနေ တစ်ဆင့်ပြန်သိရတယ်။ခဏကြာတော့ သူတို့ဘက်ကနေ ၆၀ (မမ) တွေနဲ့ အချက် ၂၀ လောက်ပစ်တယ်။ကျေးရွာတွေဘက် ကျရောက်ပေါက်ကွဲတာမျိုးတော့ကျနော်တို့မကြားမိဘူး”ဟု KRFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မတ်လ ၂၉ ရက်နေ့ကလည်း မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကို KRF၊KNLA၊PPDF-KDတို့ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သေးသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။