ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအနီးရှိ ကျောက်မိုင်းဒေသတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီသည် တိုက်ပွဲအနီးအနားရှိ ကျေးရွာများအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း နယ်မြေခံစစ်ကြောင်းထံမှ သိရသည်။
ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် စစ်ကောင်စီအနေဖြင့် ထိုင်းနိုင်ငံမှ ဝယ်ယူထားသော ဗုံးသီးများအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ ယခုလို ထိုင်းနိုင်ငံက စကစနဲ့ပေါင်းပြီး ထိုင်းကျည်တွေနဲ့ မြန်မာပြည်မှာရှိတဲ့ ပြည်သူလူထုရဲ့ ကျေးရွာတွေကို ဗုံးကြဲတာဟာ ထိုင်းနိုင်ငံ အစိုးရမှာ တာဝန်ရှိတယ်” ဟု ယင်းနယ်မြေခံစစ်ကြောင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့၊ နံနက်ပိုင်းတွင်လည်း မြဝတီခရိုင်၊ မြဝတီမြို့နယ်ရှိ နို့ဖိုးကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီသည် YAK-130 Jet Fighter ဖြင့် ကော်ဘရာစစ်ကြောင်းမှ လုံခြုံရေးယူထားသော နယ်မြေအား ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ရဲဘော်တစ်ဦးထံက သိရှိရသည်။
ထို့အပြင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင်လည်း စစ်ကောင်စီမှ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးယူထားသောနယ်မြေအား လက်နက်ကြီးဖြင့် အကြိမ် (၃၀) ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ပစ်ခတ်ခဲ့သော လက်နက်ကြီးတွင် ဓာတုဗုံး (ဓာတ်ငွေ့ဗုံး) ဟု ယူဆရသော လက်နက်ကြီးအမျိုးအစားများ ပါဝင်ကြောင်းလည်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီမှ နံနက် (၂) နာရီအချိန်ခန့်၌ YAK-130 Jet Fighter ဖြင့် (၃) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နံနက် (၆) နာရီခန့်မှစ၍ ဟောင်ဝစ်ဇာများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုး ဝင်ရောက်ရန်ကြိုးစားသဖြင့် ကျောက်မိုင်းဒေသတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ ထိခိုက်၊ ကျဆုံးမှု မရှိခဲ့ဟု စုံစမ်းသိရှိရသည်။
စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် ပြည်သူများပိုင်ဆိုင်သော လယ်ယာမြေများ ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။
အာဏာသိမ်းစစ်ကောင်စီသည် နေ့စဉ်နှင့်အမျှ အပြစ်မဲ့ပြည်လူသူလူထုများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး ပြည်သူများ၏ အိုးအိမ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိသည်။