စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စစ်ရှောင်နေရသည့် တစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ရှောင်များထဲမှ ပိုးထိလူနာ ၆၁ ဦးထိရှိပြီး ဆေးကုမှု အချိန်မမီသောကြောင့် ၅ ဦးအထိ သေဆုံးခဲ့ရသည်ဟု ကန့်ဘလူ- ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။
တစ်နှစ်ခွဲကျော်ကာလအတွင်းတွင် စစ်ရှောင် အမျိုးသား ၄၅ ဦးနှင့် အမျိူးသမီး ၁၆ ဦးအထိ ပိုးထိခံခဲ့ရသည်ဟုလည်း ဆိုသည်။
” မြေပြင်မှာ မြွေနဲ့ပက်သက်လို့ သီးခြားကာကွယ်ထားတာမျိုးတော့ မရှိပါဘူး။ ကျနော်တို့ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကနေ မြွေဆိပ်ဖြေဆေးတွေ လှူပေးနေတာတော့ရှိတယ်။ ဒါကလည်း ကျနော်တို့ အဖွဲ့လှူနိုင်တာက တကယ့်နေရာ အနည်းငယ်ပါပဲ” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
ဧပြီလအတွင်းတွင်ပင် စစ်ရှောင်ပြည်သူ ပိုးထိသူလူနာ ၄ ဦးအနက် ၂ ဦးသည် သေဆုံးခဲ့သည်ဟု ဆိုသည်။ ထိုပိုးထိလူနာ ၄ ဦးသည် ကိုးတောင်ဘို့တိုက်နယ်၊ မလည်တိုက်နယ် ၊ ထန်းကုန်းတိုက်နယ်တို့မှဖြစ်ပြီး သေဆုံးသူ ကလေးငယ် ၂ ဦးသည် အချိန်မီ ဆေးကုသမှု မခံရခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
” တချို့အရပ်ဒေသမှာတော့ ဆရာဝန်တွေ၊ ဆရာဝန်မတွေ ရှိပါတယ်။ တချို့ဒေသတွေတော့ ဆရာဝန်/မ တွေမရှိဘဲ တခြားကျန်းမာရေး ဝန်ထမ်းတွေရှိပါတယ်။ တချို့ဒေသတွေတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အလှမ်းဝေးကြတဲ့နေရာတွေလည်း ရှိပါတယ်” ဟု ကျွန်းလှမြို့တက်ကြွလှုပ်ရှားသူများအဖွဲ့က ရှင်းပြသည်။
မလည်တိုက်နယ်တွင် စစ်ကောင်စီတပ်များက စစ်ကြောင်းများ ဆက်တိုက်ထိုးနေပြီး စစ်ရှောင်များအနေဖြင့် တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူသွားလာမရ၍ ပိုးထိလူနားများအနေဖြင့် ဆေးကုသမှု အချိန်မီမှုများနှင့် ရင်ဆိုင်ရပြီး အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရသည်ဟုလည်း ကန့်ဘလူ- ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
” ဆရာဝန်တွေအများကြီး လိုအပ်တယ်။ ဆေးပေးခန်းနဲ့ အရမ်းဝေးတယ်ဆိုတာထက် လမ်းပန်းဆက်သွယ်ရေးခက်ကြတာဗျ။ ပိုးထိလူနာတွေတော့ ဆေးကုသမှု ဆက်လက်ခံယူနေရတယ်” ဟု ကန့်ဘလူ- ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့က အသိပေးသည်။
လက်ရှိနွေရာသီတွင်ပင် မြွေအန္တရာယ်များ ရှိနေသည့်အတွက် မိုးရာသီရောက်သည့် အခါတွင်လည်း ယင်းပြဿနာသည် စစ်ရှောင်ပြည်သူများအတွက် အဓိကပြဿနာကဲ့သို့ ရှိနေဦးမည်ဟုလည်း ကန့်ဘလူ- ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့က ပြောပြသည်။