အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိသည့် နွေဦးဆေးခန်းတွင် အထူးကုဆရာဝန်ကြီး (၈) ဦးအထိ ဆေးခန်းထိုင်နေပြီဖြစ်ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
အရိုးနှင့် အကြောအဆစ်ရောဂါများ၊ ဦးနှောက်ခွဲစိတ်ရောဂါများ၊ ဦးနှောက်နှင့် အာရုံကြောရောဂါများ၊ စိတ်ရောဂါများ(စိတ်ကျန်းမာရေး)၊ အဆစ်အမြစ်ရောဂါများ၊ သားဖွားနှင့် မီးယပ်ရောဂါများ၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာရောဂါများနှင့် အရေပြားရောဂါများကို သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် ပြသနိုင်ကြောင်း သိရသည်။
အရိုးနှင့် အကြောအဆစ်ရောဂါများအတွက် ပါမောက္ခဒေါက်တာဇော်ဝေစိုးမှ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာနေ့များတွင် ည ၇ နာရီမှ ည ၁၀ နာရီအထိ ဆေးခန်းထိုင်ကုသပေးခြင်း၊ ဦးနှောက်ခွဲစိတ်ရောဂါများအတွက် ပါမောက္ခဒေါက်တာခင်မောင်လွင်မှ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် နံနက် ၈ နာရီမှ နံနက် ၁၁ နာရီအထိ ဆေးခန်းထိုင်ကုသပေးခြင်း၊ ဦးနှောက်နှင့် အာရုံကြောရောဂါများအတွက် ဒေါက်တာ John Smith မှ စနေနေ့တွင် ည ၇ နာရီခွဲမှ ည ၈ နာရီခွဲအထိ ဆေးခန်းထိုင်ကုသပေးခြင်းများပြုလုပ်သွားမည်ဟု စုံစမ်းသိရှိရသည်။
စိတ်ရောဂါများ (စိတ်ကျန်းမာရေး) အတွက် ဒေါက်တာဥက္ကာက ကြာသပတေးနေ့တွင် ည ၇ နာရီမှ ည ၉ နာရီအထိ ဆေးခန်းထိုင်ကုသပေးခြင်း၊ အဆစ်အမြစ်ရောဂါများအတွက် ဒေါက်တာ Iris မှ တနင်္ဂနွေနေ့တွင် ညနေ ၄ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ဆေးခန်းထိုင်ကုသပေးခြင်း၊ သားဖွားနှင့်မီးယပ်ရောဂါများအတွက် ဒေါက်တာ ရတနာမှ စနေနေ့ (တစ်ပတ်ခြား) တွင် ညနေ ၃ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဆေးခန်းထိုင်ကုသပေးခြင်း၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာရောဂါများအတွက် ဒေါက်တာနန္ဒမှ စနေနေ့ (တစ်ပတ်ခြား) တွင် နံနက် ၉ နာရီခွဲမှ နံနက် ၁၁ နာရီခွဲအထိ ဆေးခန်းထိုင်ကုသပေးခြင်း၊ အရေပြားဆိုင်ရာရောဂါများအတွက် အရေပြားအထူးကုဆရာဝန်ကြီး Dr. Candy (MBBS-Ygn, MMedSc) က အင်္ဂါ၊ ကြာသပတေးနေ့များတွင် ညနေ ၄ နာရီမှ ညနေ ၅ နာရီခွဲအထိနှင့် စနေနေ့တွင် ညနေ ၅ နာရီမှ ၆ နာရီခွဲအထိ ဆေးခန်းထိုင်ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ ဒီနွေဦးဆေးခန်းမှာ ကုသပေးနေတဲ့ ဆရာဝန်ကြီးများ အားလုံးဟာ မြန်မာပြည်တွင် ပြည်သူလူထုချစ်ခင်လေးစားပြီး သူတို့ဘာသာရပ်မှာ အကျွမ်းကျင်ဆုံး သမားတော်ကြီးများအပြင် အနောက်နိုင်ငံဆေးရုံကြီးများမှာ လက်ရှိတာဝန်ယူကုသပေးနေတဲ့ သမားတော်ကြီးများလည်း ပါဝင်ပါတယ်။ ကမ္ဘာ့အဆင့်မီ ကုသမှုတွေကို ရယူရင်း တော်လှန်ရေးအတွက် လိုအပ်နေတဲ့ ရန်ပုံငွေကို ထည့်ဝင်နိုင်တဲ့အတွက် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်” ဟု နွေဦးဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် “ တကယ်လို့ နွေဦးဆေးခန်းမှာ ကုသပေးနေတဲ့ ရောဂါတွေထဲမှာ ကိုယ်ပြသချင်တဲ့ အခြားရောဂါတွေမပါဝင်ဘူးဆိုရင်တော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိတဲ့ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း (https://facebook.com/telehealthmm) မှာ သွာရောက်တိုင်ပင်ပြသနိုင်ပါတယ်” ဟု ၎င်းက ထပ်မံရှင်းပြသည်။
ဆေးခန်းပြသလိုသည့် ပြည်သူများအနေဖြင့် နွေဦးဆေးခန်း၏ Facebook Page Messenger တွင် ကြိုတင်ရက်ချိန်းရယူ၍ တော်လှန်ရေးရန်ပုံငွေထည့်ဝင်ကာ အွန်လိုင်းဖြင့် ဆေးခန်းပြသနိုင်ပြီဖြစ်ကြောင်းလည်း နွေဦးဆေးခန်းမှ အသိပေးကြေညာထားသည်။
NUG ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နွေဦးဆေးခန်းကို ၂၀၂၂ ခုနှစ်၊ မတ်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နွေဦးဆေးခန်း၌ ဆေးခန်းအသစ်များ ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ပြီးနောက်ပိုင်း ကျန်းမာရေးအတွက် လာရောက်ဆွေးနွေးသည့် ပြည်သူများလည်း များပြားလာကြောင်း နွေဦးဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။