မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အနောက်ညောင်တွင်းရွာကို မီးရှို့သွားသည့် စစ်ကောင်စီတပ်အား အပြန်တွင် ဒေသကာကွယ်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးပြီး သေနတ် ၅ လက်သိမ်းဆည်းရမိသည်ဟု ဒေသကာကွယ်ရေးတပ် တိုက်ခိုက်ရေးတာဝန်ခံ ကိုဇော်ပျံက MPA သို့ ပြောသည်။
“ဒီနေ့ မနက် ၁ နာရီခွဲလောက်မှာ တိုက်ပွဲထိတွေ့မှုဖြစ်တာဗျ။ အနောက်ညောင်တွင်းရဲ့ တောင်ဘက်နဲ့ သဲကုန်းပျူစောထီးရွာရဲ့ကြားမှာ ငါးဖောင်ကန်ဆိုတဲ့ရွာရှိတယ်။ အဲ့ဒီရွာနားမှာဖြစ်တာ။ ကျနော်တို့ဘက်က သေနတ်အလက် ၅ လက်ရတယ်။ **** ၈ ကောင် (စစ်ကောင်စီတပ်ဖွဲ့ဝင်) လောက်ပြုတ်သွားတယ်လို့ သိရတယ်ဗျ။ အနောက်ညောင်တွင်းကို မီးရှို့ပြီး ပြန်သွားတဲ့ အပြန်ကို ကျနော်တို့က လိုက်ပစ်တာပေါ့”ဟု ၎င်းက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုသည် အချိန်တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်မှ သေနတ်သွားကောက်စဥ် ပစ်ခတ်ခံရသောကြောင့် ရဲဘော်တစ်ဦးရင်ဘတ်ကျည်ထိမှန် ကျဆုံးကြောင်းသိရသည်။
“ကျနော်တို့ဘက်ကလည်း ရဲဘော်တစ်ယောက်ပေးဆပ်လိုက်ရတယ်။ သူတို့ဘက်က ၈ ကောင်လောက် သေတယ်လို့ ပြောတယ်။ အဲ့ဒါကြောင့်မလို့ သေနတ်ကောက်တဲ့အချိန်မှာ ဒီဘက်က ရဲဘော်ကို ပစ်လိုက်တာ ရင်ဘတ်ကျည်ထိပြီး ပွဲချင်းပြီးကျဆုံးသွားတာပါ”ဟု ၎င်းက ဆိုသည်။
ယင်းစစ်ကောင်စီတပ်သည် ဧပြီလ၊ ၂၄ ရက်နေ့က အနောက်ညောင်တွင်းရွာအား ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး နေအိမ် ၃၂လုံး ဆုံးရှုံးခဲ့ရသည်။
ယခုရက်ပိုင်းအတွင်း မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်က နေရာအနှံ့အပြားစစ်ကြောင်းထိုးနေပြီး လေကြောင်းအန္တရာယ်ကိုလည်း ကြောက်လန့်နေရသည်ဟု ဒေသခံများက ပြောသည်။