စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်မြို့နယ်နှင့်မြိုင်မြို့နယ်အတွင်းရှိ ရေနံမြေများတွင် ရေနံလုပ်ငန်းလုပ်ကိုင်ကြသူ အများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီသည် ပေါက်မြို့နယ်အတွင်းရှိ လယ်အိုရွာနှင့် လယ်မရွာဘက်သို့ ဧပြီလ၊ ၂၄ ရက်နေ့၊ နေ့လယ်၁၂နာရီခန့်တွင် လေကြောင်းနှင့်တိုက်ခိုက်အပြီး အနီးအနားရှိ ရေနံမြေလုပ်ကွက်များတွင် အလုပ်လုပ်ကိုင်ကြသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။
“ မနေ့က ဂျက်ဖိုက်တာတစ်စင်း ကျနော်တို့မှော်ပေါ်ကို သုံးခေါက်လောက်ပတ်ပြီးတော့ပျံတယ်။ ပြီးမှ လယ်အို၊ လယ်မဘက်ကို ရဟတ်ယာဥ်နဲ့လာပစ်တာဗျ။ ဒီအတိုင်းမြင်နေရတယ်။ အသံတွေလည်း အကျယ်ကြီးကြားရတော့ မိန်းမနဲ့ ကလေးတွေက ကြောက်လို့ သူတို့ကို အရင်ဘေးလွတ်ရာပို့ပြီး ကျနော်ကပြန်လာတာ။ ဒီဘက်မှာ ဝယ်ထားတဲ့ ဆီအရင်းတွေကလည်းရှိတာကိုး” ဟု ရေနံချက်ဖိုလုပ်ငန်းရှင်တစ်ဦးက MPA သို့ ပြောသည်။
ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီမှ စစ်ကြောင်းများထိုးနေပြီး လေယာဥ်များနှင့် မကြာခဏတိုက်ခိုက်နေသောကြောင့် ထိုနယ်မြေအတွင်းရှိ ရေနံလုပ်ကွက်အသီးသီးမှ ရေနံလုပ်ငန်းလုပ်ကိုင်သူများနှင့် စျေးသည်များ ကျီးလန့်စာစားဖြစ်နေရသည်ဟု ဆိုသည်။
“ အရင်ကတော့ ဆီကားတွေ၊ ဂျိုးကားတွေ၊ ချက်ဖိုအတွက်လာရောင်းတဲ့ ထင်ကားတွေနဲ့ ရေနံမှော်က စည်တာပေါ့။ အခုကျ စစ်ကြောင်းတွေထိုးနေတော့ လူတွေလည်းမရှိတော့ဘူး။ တစ်မှော်လုံးခြောက်ကပ်နေတာ။ စျေးလည်းမရောင်းရဘူး။ ကျမတို့လည်း အခြေအနေကြည့်ပြီး ပြေးသင့်ရင်ပြေးရမှာပဲ” ဟု ရေနံမှော်အတွင်း စျေးရောင်းနေသည့် ဆိုင်ရှင်တစ်ဦး MPA သို့ပြောသည်။
စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်တွင် အဆိုပါ ရေနံမြေများအတွင်း မကြာခဏစစ်ကြောင်းထိုး၍ ဆီခြံများအား မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် မကြာခဏပြေးလွှားရသည်ဟု ဒေသခံများက ဆိုသည်။