စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး ပုံမှန်မရရှိခြင်း၊ ပြည်သူများ၏ နေအိမ်များ မီးရှို့ခံရခြင်းများ အပါအဝင် ယခုနှစ် မြန်မာနိုင်ငံတဝန်းရှိ မြင့်မားသည့် ရာသီဥတု အပူရှိန်ကြောင့် သေဆုံးခြင်း၊ မူးမေ့လဲခြင်း၊ ပြည်သူများ ရုတ်တရပ် ဖျားနာမှုများပါ ခံစားလာရကြောင်း သိရှိရသည်။
လေဝင်လေထွက်နည်းသော တိုက်ခန်းကျဉ်းကျဉ်းများတွင် နေထိုင်ရသည့် ရန်ကုန်မြို့နေ ပြည်သူများမှာ လျှပ်စစ်မီး မရရှိသည့်အတွက် နေ့လည်နေ့ခင်းဆိုလျှင် ပူပြင်းသည့် အပူဒဏ်ကို သိသိသာသာ ရင်ဆိုင်နေရကြောင်း မြို့ပြနေ ဒေသခံတစ်ဦးက ယခုလို ဆိုသည်။
မီးကလည်း မမှန်ဘူးလေ၊ အဲ့ဒီတော့ အဲကွန်းတို့ ပန်ကာတို့ ရှိလဲ အလုပ်မဖြစ်ဘူး။ မနေ့က ညနေ ၅ နာရီကတည်းက ပျက်သွားတဲ့ မီးက ဒီနေ့ နေ့လည် ၂ နာရီမှ ပြန်လာတယ်။ တနာရီလောက်နေပြီး ပြန်ပျက်သွားရော၊ ဒီနေ့ အပူချိန်အရမ်းများပြီး ခေါင်းကိုက် ရင်ထဲမကောင်းပဲ အော့အန်ချင်သလိုကြီး ဖြစ်နေတယ်။ ဓာတ်ဆားဖျော်သောက်ပြီး ညနေဘက် မိုးအုံသွားမှ သက်သာသွားတာ ဟု တာမွေမြို့နယ်နေသူတစ်ဦးမှ ဆိုသည်။
ယနေ့အချိန်ထိ ပဲခူးတိုင်းအပါအဝင် မြန်မာနိုင်ငံနေရာ အတော်များများတွင် ရာသီဥတု ဖောက်ပြန်မှုများ ဖြစ်ပေါ်နေပြီး နေ့အပူချိန်များလဲ တဖြည်းဖြည်းတိုးလာလျက်ရှိသည်။ ယခင် ၂၀၂၀ – ၂၀၂၂ အထိ သုံးနှစ်အတွင်း လာနီညာနှစ်များ ဖြစ်ခဲ့ပြီး အပူလျော့ကာ မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ယခုနှစ်တွင် ဖြစ်ပေါ်နေသော အယ်နီညိုသည် နောက်လာမည့် ၂၀၂၄ ခုနှစ် နွေဦးအထိ အယ်နီညို ညွှန်းကိန်းမြင့်တက်လာနိုင်သဖြင့် ထပ်တိုးလာနိုင်သော အပူချိန်သည် စိုးရိမ်ဖွယ် အဆင့်ထိ ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားကြသည်။
မကြာမီ ရက်ပိုင်းအတွင်းက အပူရှိန် မြင့်မားမှုကြောင့် လူသေဆုံးမှုများလည်း ရှိနေသည်။ ရန်ကုန်မြို့၊ သာင်္ကေတမြို့နယ်တွင် ဧပြီလ ၂၀ ရက်နေ့ကလည်း ပြင်ပဒဏ်ရာများ မရှိဘဲ အမျိုးသား တစ်ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်ဟာလည်း အပူရှိန်ကြောင့် သေဆုံးတာ ဖြစ်နိုင်ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပရဟိတ အဖွဲ့တခုမှ သိရသည်။
သူ့ပုံစံအရတော့ စွန့်ပစ်ခံပုံစံမျိုးပဲ ပြင်ပထိခိုက်ဒဏ်ရာတော့ မရှိဘူး။ သူ့ပုံစံက နေပူဒဏ်ကြောင့်လဲ ပါတယ်။ အရက်သောက်ထားတာလဲ ပါမယ်ထင်တယ် ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အပူရှိန် မြင့်မားသည့်ဒဏ်ကြောင့် ဧပြီလ ၂၀ နေ့ကလည်း သာင်္ကေတမြို့နယ် လေးရပ်ကွက်တွင် အမျိုးသားတစ်ဦး ဆံပင်ညှပ်အပြန် ရေချိုးလိုက်သည့်အတွက် ဦးနှောက်သွေးကြောပြတ်ပြီး လဲကျခဲ့ကာ ဆေးရုံတင်ခဲ့ရကြောင်း၊ လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ မရှိတော့ကြောင်းလည်း စုံစမ်းသိရသည်။
ထူးခြားသည့် နေ့ အပူချိန်များကို အိမ်ခြေပေါင်း များစွာ မီးလောင်ဆုံးရှုံးခံခဲ့ရသည့် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသများက အများဆုံး ရင်ဆိုင်ခံစားနေရသည်။ ဧပြီလ ၂၀ ရက်နေ့ မိုးလေဝသနှင့် ဇလဗေဒ ထုတ်ပြန်ချက် မှတ်တမ်းများအရ ဆိုလျှင် ချောက်မြို့တွင် အမြင့်ဆုံးအပူချိန် ၄၅ ဒီဂရီ ရှိခဲ့ပြီး ကလေးဝ၊ တမူး၊ မင်းကင်း၊ မုံရွာ၊ မြင်းမူ၊ မန္တလေး၊ မြင်းခြံ၊ ညောင်ဦး၊ ဘောလခဲနှင့် ဖားဆောင်းတွင် အမြင့်ဆုံး အပူချိန် ၄၄ ဒီဂရီအထိ မြင့်တက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့သည့် ပြည်သူများအနေနှင့် အပူဒဏ်ခံနိုင်သည့် အမိုးအကာများ မဟုတ်ဘဲ တာပေါ်လင်အစများကို အမိုးအကာလုပ် နေထိုင်နေရသည့် အတွက် အပူဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရကြောင်း စစ်ဘေးရှောင်ဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးမှ အခုလို ဆိုသည်။
ပြည်သူတွေ အတွက် ပိုခက်ခဲ့တ။် စားဝတ်နေရေးအတွက်ရော တောင်ယာလုပ်ငန်းတွေ အရင်လို တနေကုန်နီးပါး မလုပ်နိုင်ကြတော့ဘူး။ အဓိကက အညာပြည်သူတွေဟာ စစ်ရဲ့ ဒဏ်ကို တော်တော်ကြီးခံနေရတော့ ဝမ်းစာရေးအတွက် တနေ့လုပ်မှ တနေ့စားရတဲ့သူတွေလည်း များတယ်။ နေအရမ်းပူပြင်းလွန်းတော့ အလုပ်ချိန်က မနက်ခင်းနဲ့ ညနေစောင်းအချိန်လောက်ပဲ လုပ်ကြရတယ်။ နေက ညနေ ၅ နာရီလောက်ထိကို အပူရှိန်က မကျသေးဘူး။ အပူရှိန်ကြောင့် ညဉ်းညူနေတာတွေ ခဏခဏ ကြားရတယ်ဗျာ ဟု Monywa Revolution Force- MRE အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ယခုလို ဆိုသည်။
နေ့အပူချိန်များ မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးမိုးကြိုး အန္တရာယ်များ ဖြစ်ပေါ်လျက် ရှိသည်။ မြန်မာနိုင်ငံအထက်ပိုင်းတွင်လဲ မိုးရွာသွန်းမှုများ ဖြစ်ပေါ်လျက် ရှိသည်။ ဧပြီလ ၂၁ ရက်နေ့တွင် ရှမ်းပြည်နယ် သီပေါမြို့တွင် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်ခဲ့သလို ယင်းနေ့ ညနေအချိန်ခန့်တွင် လယ်ဝေးမြို့နယ်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ကျေးရွာနှစ်ရွာရှိ နေအိမ်များ ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
မြင့်မားသည့် အပူဒဏ်ကို သတိပြုရမည့်သူများထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါ ရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ စိတ်ကျန်းမာရေး ချို့ယွင်းသူများ)၊ ကာယလုပ်သားများ၊ အားကစားသမားများ၊ အဝလွန်သူများ၊ အရက်နှင့် မူးယစ်ဆေးသုံးစွဲသူများအနေနှင့် ပိုမို သတိပြုနေထိုင်သွားလာသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။
မြင့်မားသည့် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ဂဏှာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တကိုယ်လုံးနုံးချိပျော့ခွေခြင်းနှင့် ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြား အေးကာ စိုစွတ်ခြင်း၊ ခန္ဓာကိုယ် အပူချိန်မြင့်တက်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း၊ ခန္ဓာကိုယ်အပူချိန် အလွန်အကျွံ မြင့်တက်ခြင်း၊ အရေပြား ပူကာ ခြောက်သွေ့ခြင်း (ချွေးခမ်းခြောက်ခြင်း)၊ ကယောင်တမ်း ဖြစ်ခြင်းများ၊ သတိလစ်ခြင်းများ၊ တက်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု အသိပေးထုတ်ပြန်ထားသည်။
ယင်းသို့ ဖြစ်ပေါ်လျှင် လူနာကို အေးမြသည့် နေရာသို့ ပြောင်းရွှေ့ခြင်း၊ ပန်ကာ၊ လေအေးပေးစက်ဖွင့်ပေးခြင်း၊ ယပ်ခတ်ပေးခြင်း၊ လူနာ၏ ခြေရင်းဘက်ကို မြှင့်ထားကာ ပက်လက်အနေအထားထားခြင်း၊ လူနာ၏ အဝတ်အစားများ ဖြေလျော့ပေးခြင်းများ ပြုလုပ်ခြင်း၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့ကို ရေပတ်တိုင်ပေးခြင်း၊ သတိရလာပါက ရေအေး (သို့) ဓာတ်ဆားရည် တိုက်ပေးခြင်းများ ပြုလုပ်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပူပြင်းသည့် ရာသီဥတုတွင် ရေနှင့် ဓာတ်ဆားများများ သောက်သုံးရန် အထူးလိုအပ်ပြီး မဖြစ်မနေ နေထိုင်သွားလာမည် ဆိုလျှင် အသားအရေကို နေရောင်ခြည် တိုက်ရိုက်မထိတွေ့စေရန် လက်၊ လည်ပင်း၊ ပခုံးတို့တွင် အရောင်ဖျော့သည့် ပွပွချောင်ချောင် အထည်များ ဝတ်ဆင်ရန်၊ နေ့ခင်းနေ့လည် အပြင်သွားလျှင် ထီး၊ ဦးထုတ်၊ နေကာမျက်မှန်များ ဝတ်ဆင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။