မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ညောင်တွင်း (အနောက်) ကျေးရွာအား ယနေ့ ဧပြီလ၊ ၂၄ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီဘက်င မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် (၃၂) လုံး ပျက်စီးဆုံးရှုံးသွားသည်ဟု စုံစမ်းသိရှိရသည်။
“ အနောက်ညောင်တွင်းကို နံနက် ၅ နာရီ ၆ နာရီလောက် မနက်ဝေလီဝေလင်းမှာ ဝင်စီးတာပေါ့။ ဝင်စီးတယ်ဆိုတာက ပထမဆုံးလက်နက်ကြီးတွေနဲ့ ထုတယ်။ နောက် သေနတ်တွေ တရစပ်ပစ်ဖောက်ပြီးဝင်လာတာပေါ့။ အဲ့ဒီတော့မှ ရွာသူရွာသားတွေ ထွက်ပြေးရတာ။ သူတို့ (စကစ) က မဲမဲမြင်ရာပစ်တာပေါ့။ လောလောဆယ်သိရတာက ပြည်သူတစ်ဦး မစိုးရိမ်ရ ကျည်ထိဒဏ်ရာရတယ်လို့ သိရတယ်။ နောက် နေနည်းနည်းမြင့်တော့ ရွာကိုစပြီး မီးရှို့တာပေါ့” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်ရေးတာဝန်ခံ ကိုဇော်ပျံက MPA သို့ ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၁၂၀ ခန့်ရှိပြီး မြိုင်မြို့မှတဆင့်၊ ဝက်ကြုံး၊ မင်းကန်၊ ပန်းတိုင်းတောတို့မှ စစ်ကြောင်းထိုးလာကာ ယနေ့နံနက်တွင် ညောင်တွင်း (အနောက်) ရွာသို့ ဝင်စီးခြင်းဖြစ်သည်ဟုဆိုသည်။
“ မင်းကန်ရဲ့အနောက်ဘက်က ပန်းတိုင်းတောပေါ့။ မင်းကန်နဲ့ပန်းတိုင်းတောကြားမှာ ကန့်တစ်ကန့်ရှိတယ်။ အဲ့ဒီကန့်ကိုမီးရှို့ပြီးတော့ မင်းကန်ရယ် ပန်းတိုင်းတောရယ် အနောက်ညောင်တွင်းရယ်က တစ်ဆက်တည်းတောကြီးရှိတယ်။ ညဘက်မှာ အဲ့ဒီတောကြီးထဲက ဖြတ်ပြီးတော့ မနက်မှာ အနောက်ညောင်တွင်းကိုဝင်စီးတာပေါ့” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
အနောက်ညောင်တွင်းရွာသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၊ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၅ဝ ခန့် ပျက်စီးဆုံးရှုံးခဲ့ရကာ ယခုအကြိမ်သည် ဒုတိယအကြိမ် မီးရှို့ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
“ အခုက ရွာတွေကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ သူတို့ကိုမိုင်းဆွဲတိုက်ခိုက်တာတွေရှိတော့ သူတို့ ထိခိုက်တာတွေရှိတယ်။ အဲ့ဒါကြောင့် မီးရှို့တာလို့တော့ ထင်တယ်ပေါ့နော်” ကိုဇော်ပျံကက ရှင်းပြသည်။
စစ်ကောင်စီတပ်များသည် ညဘက်တွင် လှုပ်ရှားပြီး နံနက်ဝေလီဝေလင်းအချိန်တွင် ရွာများအတွင်း ဝင်ရောက်တတ်သောကြောင့် ပြည်သူများအနေနှင့် ပိုမိုသတိထားဂရုစိုက်ကြရန် အသိပေးသည်။