ရန်ကုန်မြို့၊အင်းစိန်မြို့နယ်ရှိ စီအိုင်ဒီရုံးပေါက်ကွဲမှုကို လာရောက်ရှင်းလင်းသည့် စစ်ကောင်စီတပ်သားများ ဖျက်အားပြင်းအဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။
ဧပြီလ ၂၃ရက်နေ့ ည ၁၀နာရီ ၄၂မိနစ်နှင့် ည၁၀နာရီ ၄၇မိနစ်တို့တွင် အင်းစိန်မြို့နယ်ရှိ စီအိုင်ဒီရုံးကို ရန်ကုန်-မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် YUGA Mo-7 Eagles တို့က အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် ယင်းနေရာအနီး စစ်ကောင်စီတပ်သားများပိတ်ဆို့စစ်ဆေးနေချိန် ည၁၁နာရီ၄၂မိနစ်၌ ဖျက်အားပြင်း အဝေးထိန်းမိုင်း၄လုံးဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Urban Guerrilla Army က သတင်းထုတ်ပြန်သည်။
“ မနေ့က CIDရုံးကို အဝေးထိန်းမိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။အကျအဆုံးကို မသိရပါဘူး။ဖောက်ခွဲမှုအပြီးမှာ စစ်သားတွေရောက်လာပြီး ပိတ်ဆို့စစ်ဆေးတဲ့အချိန် ထပ်မံတိုက်ခိုက်ခဲ့တယ်။ဒုတိယအကြိမ်ပေါ့” ဟု YUGA Mo-7 Eagles၏ ပြန်ကြားရေးတာဝန်ခံ တစ်ဦးကပြောသည်။
စစ်သား၁၀ဦးထက်မနည်းသေဆုံးမှုမှာ ည၁၁နာရီ၄၂မိနစ်အချိန် ဖောက်ခွဲမှုကြောင့် သေဆုံးသူများ ဖြစ်ကြောင်းသိရသည်။
“ လာရောက်စစ်ဆေးတဲ့အချိန်ထပ်မံဖောက်ခွဲခဲ့တာပါ။သူတို့ဘက်က တော်တော်အထိနာသွားလို့ သတင်းဖျောက်ထားပါတယ်။စစ်ရေးပစ်မှတ်အဖြစ် ရန်သူအကြမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ရခြင်းဖြစ်ပါတယ်။ ရန်ကုန်ဟာငြိမ်သက်မနေကြောင်းနဲ့ မြို့ပြပြောက်ကျားများအနေနဲ့ လည်း တော်လှန်ရေးအောင်မြင်တဲ့အထိ အဆုံးတိုင်တိုက်ပွဲဝင်သွားမှာပါလို့ ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။
YUGA Mo-7 Eaglesနှင့် မဟာမိတ် ရဲဘော်များမှာ စစ်ကောင်စီတပ်၏ လုံခြုံရေးအတားအဆီးများနှင့် ပိတ်ဆို့ရှာဖွေမှုများကို ကျော်လွှားကာ ဘေးကင်းလုံခြုံရာအရပ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း MPAက စုံစမ်းသိရသည်။
စစ်ကောင်စီတပ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။