၆လအတွင်း ၆ ကြိမ်ခွဲသွင်းနိုင်မည့် Spring Inya Condo များအား ဧပြီ ၂၉ ရက်နေ့တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း End of Dictatorship မှ သိရသည်။
ရန်ကုန်တိုင်း၊ ပါရမီလမ်းမပေါ် ဦးထွန်းငြိမ်းလမ်းဘက်ရှိ ဧက ၃၀ ရှိသော စစ်တပ်ပိုင်မြေပေါ်တွင် တည်ဆောက်သွားမည့် Spring Inya Condo အခန်းများသည် ယခင် EOD Projects များလို မဟုတ်ဘဲ ၆ လအတွင်း ၆ ကြိမ်ခွဲသွင်း လို့ရသည့် အခွင့်အလမ်းများ စီစဉ်ပေးထားကြောင်း သိရသည်။
“ Spring Investment အစီအမံပေါ့။ စီမံကိန်းတစ်ခုလတ်တလောလျာထားတာကတော့ ရန်ကုန်မှာ အကြမ်းဖက်စစ်တပ်ကနေပြီးတော့လေ မောင်ပိုင်စီးထားတဲ့ အချက်အချာကျတဲ့နေရာတွေမှာ ပြည်သူလူထုအားလုံးလိုက်ပါပြီးတော့ တော်လှန်ရေးကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ တန်ဖိုးသင့် တိုက်ခန်းတွေ မကြာခင်မှာ စီစဉ်ပြီးရောင်းချသွားမှာဖြစ်သလို အဆင့်မီပေါ့လေ။ ကွန်ဒိုတိုက်ခန်းတွေကို မကြာခင်မှာ ရန်ကုန်ရဲ့တပ်ပိုင်မြေမှာ ပြည်သူလူထုကိုအသိပေးပြီးတော့ စတင်ရောင်းချသွားမှာဖြစ်ပါတယ်” ဟု MOPFI ပြည်ထောင်စု ဝန်ကြီး ဦးတင့်ထွန်းနိုင်က ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
၇ ရက်သာ လိုတော့သည့် Spring Inya Condo အခန်းများ ရောင်းချမည့် ဧပြီလ ၂၉ ရက်နေ့မှ စတင်၍ ၂၄ နာရီအတွင်းမှာ တော်လှန်ရေးကာလအတွင်း ပေးသွင်းရမည့် ပမာဏဖြစ်သည့် အခန်းစုစုပေါင်း၏ တန်ဖိုး၏ ၄၀% ကို အပြည့်ပေးသွင်းသူတိုင်း Early Bird စာရင်းဝင်မည်ဖြစ်ပြီး နှစ်သက်ရာ အခန်း၊ အလွှာနိမ့်မြင့်၊ အရပ်မျက်နှာလှည့် စတာတွေကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ တော်လှန်ရေးရှေ့တမ်းမှာ အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါစွန့်ပြီး တိုက်ပွဲဝင်နေကြသူတွေအတွက် ထောက်ပို့အားမကျဖို့ ရှိသမျလက်ကျန် အိမ်ရောင်း၊ ခြံရောင်း စုဆောင်းထားသမျှ ခါလီချပြီး ဝယ်ဖို့ စာရင်းသွင်းနေကြသူတွေ ကြားနေရပြီ။ အဆုံးသတ်မှာတော့ ဒီ နွေဦးတော်လှန်ရေး နိုင်ကို နိုင်ရမယ်၊ မနိုင်မချင်း တိုက်မယ်။ တိုင်းပြည်ရဲ့ အနာဂါတ်မှာ စစ်အာဏာရှင်စနစ် ဆိုတာ လုံးဝမရှိစေရ၊ နောင်မျိုးဆက်များ ဆက်လက် မခံစားစေရ၊ နိုင်ငံတော်အသစ် ပေါ်ထွန်းစေရမယ်ဆိုတဲ့ တော်လှန်ပြည်သူတို့ရဲ့ ခိုင်မာတဲ့ သံဓိဌာန်ကို အထင်းသားပြနေကြတာပါ” ဟု ကွန်ဒိုအခန်းများရောင်းချသွားမည့် End of Dictatorship မှ ရေးသားဖော်ပြထားသည်။
NUG မှ တော်လှန်ရေးရံပုံငွေအတွက် ရောင်းချသွားမည့် Spring Inya Condoတွင် အခန်းပေါင်း ၇၅၀ ရှိပြီး အင်းလျားကန်ရှုခင်းကို ဖြတ်သန်းကာ ရွှေတိဂုံဘုရားအား တိုက်ရိုက်ဖူးမြင်နိုင်မည့်အပြင် အပေါ်ဆုံးထပ် ခေါင်မိုးပေါ်တွင် မိုးပျံဥယျာဉ် sky garden၊ Inya View Gym နှင့် ရေကူးကန်တို့ ပါဝင်ပြီး playground, walking path, BBQ pits, car parking စသည့် ကွန်ဒိုတစ်ခုတွင်ပါဝင်သည့် အစိတ်အပိုင်းများကိုလည်းထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။