ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ ကျေးရွာများသို့ ဗိုလ်မှူးနှင့်ဗိုလ်ကြီးအပါအဝင်စီးနင်းလာသော ကားနှင့်ဆိုင်ကယ်များကို PDF မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအပါအဝင် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Paungde People’s Defense Force-PPDF (၃၆၀၁) မှ ထုတ်ပြန်ထားသည်။
ဧပြီလ ၂၁ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် ပေါင်းတည်မြို့နယ် သစ်ပုတ်မြို့နယ်တာဝါတိုင်စခန်းမှ ပေါက်ခေါင်းမြို့ကိုပြန်ဆင်းလာသည့် အင်အား ၁၆ ဦးခန့် ပါဝင်သေ ာစစ်ကောင်စီယာဥ်တန်းကို ပေါင်းတည်အပိုင် မရိုးကျွန်းရွာနှင့် ဒိုးနွယ်ရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင် (၃၆၀၁) PPDFတပ်ရင်းမှ တပ်ခွဲ-၃၊ ၄၊ ၅ နှင့် တပ်ခွဲ-၁ အဖွဲ့(၂) Eagle ပူးပေါင်းစစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ကား ၂ စီး ရှေ့က ပွိုင့်ကားမှာက အရပ်သားတွေပါတယ်။ ကပ်လျက်က ဗိုလ်မှုးလိုက်ပါလာတဲ့မှန်လုံကား နောက်မှာကဆိုင်ကယ် ၂ စီးဗျ။ ရှေ့ကားမှာ အရပ်သားတွေပါနေလို့ လွှတ်လိုက်ပြီး ဗိုလ်မှုးပါတဲ့ကားနဲ့ ဆိုင်ကယ် ၂စီးကို ပစ်တာ။ ဗိုလ်မှူးကားကို ရွေးပစ်တာ ဗိုလ်မှူးက ပြင်းထန်ဒဏ်ရာရတယ်။ ဗိုလ်ကြီးအပါအဝင် စစ်သား ၃ ဦးသေတယ်”ဟု Paungde People’s Defense Force-PPDFမှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်တစ်ဦးက ပြောသည်။
ယင်းပစ်ခတ်မှုဖြစ်ပွားစဥ်အနီး အင်အား ၁၅ ဦးခန့်ရှိသော စစ်ကောင်စီကင်းပုန်းများမှ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် မိနစ်၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဥ်တန်းသည် ပေါင်းတည်မြို့နယ် ညောင်နီပင်ရွာဘက်သို့ မောင်းနှင်သွားကြောင်းသိရသည်။
အဆိုပါကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဗိုလ်မှူးသည် သေလုနီးပါးဒဏ်ရာရရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူများကို ပေါက်ခေါင်းမြို့နယ်မှ စစ်အင်အား ၅၀ ခန့်ဖြင့် လာရောက်သယ်ဆောင်သွားခဲ့သည်ဟုဆိုသည်။
ဧပြီလ ၂၀ ရက်နေ့ကလည်း ပေါင်းတည်အပိုင် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်သားများကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ နှင့် ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
ပေါင်းတည်မြို့နယ်အပိုင် ပဲခူးရိုးမတောင်ခြေတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာမှုဖြစ်လာနိုင်ကြောင်းစုံစမ်းသိရှိရသည်။