တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ငွေလွှဲငွေထုတ်လုပ်ငန်းလုပ်ကိုင်နေသူအယောက်၂၀ ကျော်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးကာငွေညှစ်နေကြောင်းသိရသည်။
ဧပြီလ ၁၅ ရက်နေ့မှစတင်ကာ ပုလောမြို့နယ်အတွင်းရှိ Wave Money ငွေလွှဲ၊ ငွေထုတ်ကိုယ်စားလှယ်များကို စစ်ကောင်စီတပ်က အိမ်တိုင်ရာရောက်လာရောက်ဖမ်းဆီးခဲ့ကြောင်း ပုလောမြို့၊ အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူတစ်ဦး ကပြောသည်။
“ ဖမ်းတာက တစ်ခါတည်း ဖမ်းတာမဟုတ်ဘူး။ တစ်ပတ်အတွင်း အဖမ်းခံရတာပေါ့။ ၁၅ ရက်နေ့က ၈ ယောက်လောက် စဖမ်းတယ်။ ၁၈ ရက်နေ့က ၉ ယောက်ထပ်ဖမ်းတယ်။ ၂၀ ရက်နေ့က ၆ ယောက်ဖမ်းခံရတယ်လို့ ကြားတယ်။ အမှုရယ်လို့ မပြောဘူး။ စခန်းခေါ်သွားတာ” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသည့် Wave Money ငွေလဲငွေထုတ်လုပ်ငန်းလုပ်ကိုင်သူများကို PDF ထံငွေကြေးထောက်ပံ့ပေးနေသည်ဆိုသောစွပ်စွဲချက်ဖြင့် တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ကာ ငွေညှစ်နေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ သူတို့က ငွေပေးနိုင်သူတွေကို ပြန်လွှတ်ပေးတယ်။ တစ်ခါတောင်းရင် ၁၀ သိန်းလောက် ပေးရတယ်။ ခံဝန်လည်းထိုးရတယ်။ ငွေလာထုတ်တဲ့သူတွေကို မှတ်ပုံတင်နံပါတ်တောင်းဖို့နဲ့ ငွေပမာဏအများကြီးထုတ်တဲ့သူကို မှတ်ပုံတင်တောင်းပြီး ဓာတ်ပုံရိုက်ထားဖို့ မှာလိုက်တယ်။ ၈ သိန်းလောက်ထုတ်ရင်တောင် ဓာတ်ပုံရိုက်ထားဖို့ပြောတာ။ မဟုတ်ရင် သူတို့က ထောက်ပို့ဆိုပြီး ဖမ်းမယ်ပြောတာ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပုလောမြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် ငွေလဲငွေထုတ်လုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦးကျော်သည် စစ်ကောင်စီအား ငွေကြေးပေးကာ ပြန်လည်လွတ်မြောက်လာကြောင်း MPA က စုံစမ်းသိရသည်။