ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲသည့် တရားလိုဟု နာမည်ထွက်နေသူရွေးကောက်ပွဲကော်မရှင် ဒု-ညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်မှူးကြီး(ငြိမ်း)စိုင်းကျော်သူသေနတ်ဖြင့်ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယနေ့ မွန်းလွဲ ၂နာရီခန့်က ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ် တစ်နေရာတွင် ကားမောင်းနှင်လာသည့် ရွေးကောက်ပွဲကော်မရှင် ဒု-ညွှန်ကြားရေးမှူးချုပ်ဒုဗိုလ်မှူးကြီး(ငြိမ်း)စိုင်းကျော်သူကို သေနတ်အတိုဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ ရန်ကုန်မြို့တစ်နေရာမှာ ကျွန်တော်တို့ ပစ်ခတ်ခဲ့တာပါ။သူက ကားမောင်းနေတဲ့အချိန် သေနတ်အတိုနဲ့ပစ်တာပေါ့။ပွဲချင်းပြီးသေဆုံးပါတယ်။သူ့ကားကလည်း ရွေးကောက်ပွဲကော်မရှင်က သူ့ကို အသုံးပြုဖို့ ပေးထားတဲ့ကားပါ” ဟု ၎င်းကပြောသည်။
ဒုဗိုလ်မှူးကြီး(ငြိမ်း)စိုင်းကျော်သူသည် စစ်တပ်ထဲ တာဝန်ထမ်းဆောင်ခဲ့စဉ်က တိုက်ကွမ်ဒိုကျွမ်းကျင် သူတစ်ဦးဖြစ်ကြောင်း သိရသည်။
“ စိုင်းကျော်သူက အငြိမ်းစားတစ်ဦးတင်မကပါဘူး။ လက်ရှိမှာပါ စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲဖြစ်မြောက်နိုင်ဖို့ အဓိကဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီနဲ့အတူ ပြည်သူတွေကို ဖိနှိပ် အကြမ်းဖက်ဖို့ကိစ္စရပ်တွေမှာ ပါဝင်ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူအပါအဝင် စစ်ကောင်စီရဲ့ ရာထူးအကြီးပိုင်းက လူတွေအကြောင်း ကျုပ်တို့က သတင်းတွေမျိုးစုံ ထောက်လှမ်းရရှိထားပြီးဖြစ်ပါတယ်။ အခွင့်သာရင်သာသလို ရှင်းလင်းနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ စီစဉ်ထားပြီးသားပါ။ စစ်ကောင်စီက ရာထူးကြီး ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးတွေကစလို့ စစ်ကောင်းစီနဲ့ ပူးပေါင်းပြီး ပြည်သူလူထုကို ဖိနှိပ်အကြမ်းဖက်နေသူ မည်သူမဆို ကျွန်တော်တို့က ငဲ့ညှာမှာမဟုတ်ပါဘူး။ ထိပ်ပိုင်းက စစ်ခွေးအဘတွေ ကောင်းစားရေးအတွက် ကိုယ်တိုင်ရော၊ မိသားစုကိုပါ အန္တရယ်တွင်းထဲရောက်အောင် နေထိုင်နေကြတဲ့သူတွေကို ကျွန်တော်တို့က သက်ညှာမှာမဟုတ်ပါဘူး။ ပြည်သူလူထုအနေနဲ့ နေ့စဉ်နဲ့အမျှ အသက်တွေပေးရ၊ ဒုက္ခမျိုးစုံ ရောက်ကြရပါတယ်။ ဒီကိစ္စတွေ ပြေလည်သွားဖို့ဆိုတာ စစ်ကောင်စီ ကျရှုံးရေးတစ်ခုသာ ရှိပါတယ်။ ဒါ့အတွက်လည်းကျွန်တော်တို့က လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဆောင်သွားမှာပါ” ဟု For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လွတ်မြောက်နေရာသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။