မန္တလေးမြို့တွင် ဧပြီလအတွင်း အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာသည့်အပြင် လျှပ်စစ်မီးပုံမှန်မရရှိမှုများကြောင့် သက်ကြီးပိုင်းအချို့ ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရပြီး သွေးတိုးရောဂါအခံရှိသည့် သက်ကြီးရွယ်အိုအချို့ သေဆုံးမှုပင် ရှိနေသည်ဟု ချမ်းအေးသာဇံမြို့နယ်တွင် နေထိုင်သည့် ဒေသခံများက ပြောသည်။
နေ့အပူချိန်မြင့်တက်လာသည့်အပြင် လျှပ်စစ်မီးပြတ်တောက်ချိန် ကြာမြင့်သည့်အတွက် အဲယားကွန်းအစားထိုး အသုံးပြုခွင့်မရသလို သောက်သုံးရေပြတ်လပ်မှုများလည်း ရှိနေသည့်အတွက် မန္တလေးဒေသခံများ အခက်အခဲကြုံတွေ့နေရသည်ဟု စုံစမ်းသိရှိရသည်။
“ မီးကမလာ၊ ရေကပြတ်၊ သင်္ကြန်ရက်အတွင်းဆို သောက်စရာရေပါ ပြတ်သွားတယ်။ သက်ကြီးပိုင်းတွေ ကျမခံနိုင်ဘူးလေ။ အခုဆေးရုံမှာ သက်ကြီးရွယ်အိုတွေပဲ။ သေဆုံးသူလည်းရှိတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် တစ်ရက်လျှင် လျှပ်စစ်မီး လေးနာရီသာရရှိသည့်အတွက် နေ့ခင်းအပူချိန် အမြင့်ဆုံးအချိန်တွင် မြို့တွင်းရှိကုန်တိုက်များတွင် လူစည်ကားနေသည်ဟု မြို့တွင်းနေထိုင်သည့် လူငယ်တစ်ဦးက ပြောပြသည်။
“ နေ့ခင်းအရမ်းပူတဲ့ အချိန်အိမ်တွေမှာလည်း မနေနိုင်ကြတော့ဘူး။ ကုန်တိုက်ကျ အဲယားကွန်းရတယ်လေ။ အဲ့ဒီမှာ အကုန်စုနေကြတော့တာ။ ကုန်တိုက်တော့ ပြိုတော့မလား စဥ်းစားနေတာ။ လူဘယ်လောက်များလဲဆို အဲယားကွန်းတောင် မအေးနိုင်တော့ဘူး” ဟု အဆိုပါ လူငယ်က ပြောသည်။
မန္တလေးမြို့တွင် အပူချိန် အမြင့်ဆုံး ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေပြီး သွေးတိုးရောဂါအခံရှိသည့် သက်ကြီးရွယ်များအပြင် ကလေးငယ်များလည်း ကျန်းမာရေးဆိုင်ရာ အခက်ခဲရှိနေသည်ဟု ဒေသခံများက ပြောသည်။
“ ကလေးတွေဆို ဘယ်လိုထားရမလဲကို မသိဘူး။ မိတ်အဖုတွေလည်း အများကြီးထွက်ကြတယ်။ မီးကမလာတော့ အဲကွန်းလည်း ဖွင့်ပေးလို့မရဘူး။ လူကြီးတောင်နေပူထဲမသွားနိုင်ဘူး” ဟု ကလေးမိခင်တစ်ဦးက ပြောသည်။
မန္တလေးတိုင်းတွင် ဧပြီလအတွင်း အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်မှ ၄၇ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူများက အသိပေးထားသည်။