စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ စစ်ရှောင်ပြည်သူများကို ကျပ်သိန်း ၅၀ လှူဒါန်းခဲ့ကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF က ထုတ်ပြန်သည်။
ဧပြီလ ၂၁ ရက်နေ့က ပဇီကြီးကျေးရွာ စစ်ဘေးရှောင်တစ်ဦးကို ကျပ် ၅ သောင်းနှုန်းဖြင့် လူဦးရေ ၁၀၀ အတွက် Khin U Specialforce Organization (KSO) က သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း KURDAF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အကုန်လုံး ပဇီကြီး ရွာသူ ရွာသားတွေပါ။ စစ်ဘေးရှောင် စခန်းဆိုတဲ့ အဓိပ္ပါယ်တော့ မရောက်ပါဘူး။ ခေတ္တခဏ နားခိုရာပေါ့။ ဖွင့်လှစ်တာလည်း မဟုတ်ပါဘူး။ နေရာကျယ်တဲ့ အဆောက်အအုံလိုမျိုးကို ခွင့်တောင်းနေကြတာပါ” ဟု ၎င်းက ပြောသည်။
ပြည်တွင်း၊ ပြည်ပ အလှူရှင်တို့၏ ထည့်ဝင်ငွေများကို နွေဦးရောင်ခြည်အဖွဲ့ နှင့် People’s Voices မှ မရှင်အေးဘုံတို့က ကူညီကောက်ခံပေးခဲ့ပြီး NUG Pay ဖြင့် ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ကူညီကြသူအပေါင်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ခင်ဦးနယ်မြောက်ခြမ်းကနေ စားစရာ သယ်သွားဖို့ ခက်တာကြောင့် ငွေသားပဲ လှူခဲ့တာပါ” ဟု ၎င်းက ပြောသည်။
ပဇီကြီးကျေးရွာစစ်ရှောင်ပြည်သူများအတွက် အလှူငွေ ထပ်မံရရှိပါက ထပ်မံလှူဒါန်းသွားဦးမည် ဖြစ်ကြောင်းလည်း သိရသည်။