စစ်ကောင်စီသည် စစ်ရာဇဝတ်မှုမြောက်သော လေကြောင်းတိုက်ခိုက်မှုများကို နှစ်ပေါင်းများစွာ အစဥ်အဆက် ကျူးလွန်နေသည့်အတွက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုရန်မှ ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် Enemy Air Route (EAR) Channel သို့ ယုံကြည်စိတ်ချစွာ သတင်းပေးပို့နိုင်ကြောင်း Channel တာဝန်ရှိသူက တိုက်တွန်းနှိုးဆော်သည်။
“ လေကြောင်းတိုက်ခိုက်မှုရန်ကနေ အကာအကွယ်ရနိုင်ဖို့အတွက် နိုင်ငံတကာဆီကနေ No Fly Zone တောင်းဆို မျှော်လင့်နေတာထက် ပြည်သူတွေအချင်းချင်း တော်လှန်ရေးအင်အားစုများအချင်းချင်း လေကြောင်းသတင်းပေးခြင်းဟာ လက်တွေ့ကျတဲ့ တော်လှန်ရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ လေယာဉ်အတက်အဆင်းနှင့် ဖြတ်သန်းလမ်းကြောင်းများ အပါအဝင် လေယာဉ်ကွင်းများ၊ လေယာဉ်ဆီလမ်းကြောင်းများနှင့် လေယာဉ်ပိုင်းလော့များ၏ သတင်းအချက်အလက်များကို စနစ်တကျ စုဆောင်းနိုင်မှသာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်နိုင်မည်ဟုလည်း အသိပေးထားသည်။
Enemy Air Route (EAR) Channel သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ မြေပြင်ရဲဘော်များအား လေကြောင်းရန် ကြိုတင်သတိပေးခြင်းများနှင့် လေကြောင်းကင်းထောက်အတွက် တာဝန်ယူဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မိဘပြည်သူများပေးပို့လာသည့် သတင်းများအား အသေအချာစိစစ်ကာ channel များ၌ သတင်းပြန်လည် တင်ဆက်ကာ တော်လှန်ရေးအတွက် အားဖြည့်ကူညီပေးနေကြောင်းလည်း သိရှိရသည်။
တော်လှန်ရေးရဲဘော်တစ်ဦးက” ကျွန်တော်နဲ့ ချိတ်ဆက်ပြီး သတင်းရနေတာတော့ ကြာပါပြီ။ သူတို့သတင်းတချို့က မှန်ပါတယ်။ ပြီးတော့ ပေါက်ကြားမှုလည်း မရှိသေးပါဘူး” ဟု အဆိုပါ channel နှင့် ပတ်သက်၍ ပြောသည်။
“ Enemy Air Route (EAR) Channel ကို မိဘပြည်သူများအနေဖြင့် ယုံကြည်စိတ်ချစွာ သတင်းများပေးပို့ပေးကြဖို့ လေးစားစွာ တိုက်တွန်း ဖိတ်ခေါ်အပ်ပါတယ်။ (https://t.me/EAR_Info) ဒီကိုသတင်းပို့ပေးပါ ” ဟု အသိပေးထားသည်။
စစ်ကောင်စီ၏ လေကြောင်းလှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် လေတပ်စခန်းများအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းများကို ပုံမှန်စောင့်ကြည့်သတင်းပေးပို့ခြင်း၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်းပေးပို့ခြင်းများ လိုအပ်နေပြီး ပြည်သူ့အသက်အိုးအိမ်ကို ပြည်သူ့အားဖြင့် ကာကွယ်ရန် လေကြောင်းကင်းထောက်အဖြစ် ဆောင်ရွက်လိုသည့် တာဝန်သိပြည်သူများအနေဖြင့် ဖော်ပြပါ channel သို့ သတင်းပေးပို့ပေးကြရန် တိုက်တွန်းထားသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှလည်း အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်များအဖြစ် ဆောင်ရွက်လိုသည့် တာဝန်သိပြည်သူများအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်သည့် telegram channel သို့ ဆက်သွယ် သတင်းပေးပို့ပေးရန် ဖိတ်ခေါ်ထားသည်။