စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ပဇီကြီးကျေးရွာအုပ်စုအတွင်းရှိရွာ ၁ ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးကာ စစ်ကြောင်းထိုး မီးရှို့နေကြောင်း သိရသည်။
ယနေ့(ဧပြီ ၂၂ ရက် )နံနက်၈နာရီခွဲခန့်တွင် မလည်တိုက်နယ်၊ပဇီကြီးကျေးရွာအုပ်စု လေးတွင်းစင်ကျေးရွာကို လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်သည်။
“မီးတွေရှို့နေပြီ။မီးခိုးတွေအများကြီးမြင်နေရတယ်။လက်နက်ကြီးပစ်သံတွေလည်းကြားနေရတယ်။အိမ်တွေဘယ်လောက်မီးရှို့ခံရတယ်ဆိုတာတော့ မသိရသေးဘူး။ကျနော်တို့လည်း ကြောက်လို့ ရွာနားကိုဘယ်သူမှမကပ်ရဲဘူး”ဟုဒေသခံတစ်ဦးကပြောသည်။
လေးတွင်းစင်ကျေးရွာသည် ပဇီကြီးကျေးရွာအနီးတွင်တည်ရှိပြီး အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိကာ လူဦးရေ ၁၅၀၀ ကျော်နေထိုင်သည့် ကျေးရွာဖြစ်သည်။
ဧပြီလ ၁၁ ရက်နေ့က ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ဧပြီ၂၀ရက်တွင်လည်း စစ်ကြောင်းထိုးကာ လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်လာသဖြင့် ပဇီကြီးရွာနှင့် အနီးဝန်း ကျင်ရွာ၈ရွာက ပြည်သူ၇၀၀၀ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။