နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ တံတားဦးကျေးရွာနှင့် ကံသာကျေးရွာအုပ်စု၊ အောင်မြင်ကုန်းကျေးရွာတို့တွင် ယမန်နေ့ ဧပြီ ၂၁ ရက် ညနေ ၆:၄၅ အချိန်ခန့်က လေပြင်းများတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“ လေတော်တော်တိုက်သွားတာ ရွာလုံးကျွတ်ပါသွားတယ်လို့တော့ပြောတယ် အမတို့နဲ့နီးတယ် သိပ်မဝေးဘူး” ဟု ယင်းကျေးရွာ၏ အနီးကျေးရွားတခုတွင်နေထိုင်သူတဦးမှ ဖြေကြားထားသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာတွင်အိမ်ခြေ(၇၇)လုံးခန့်၊ အောင်မြင်ကုန်းကျေးရွာတွင်၊အိမ်ခြေ(၁၅၅)လုံးခန့်၊ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရှိရသည်။
ထိုလေပြင်းတိုက်ခတ်မှုကြောင့် ဒဏ်ရာရလူနာများအား ရှာဖွေကယ်ဆယ်ရာ လတ်တလောတွင် တံတားဦးကျေးရွာမှ ထိခိုက်ဒဏ်ရာရရှိသူ(၄၈)ဦး၊ စိုးရိမ်ရ(၁၆)ဦး၊ သေဆုံး အမျိုးသမီး နှစ်ဦးနှင့် အောင်မြင်ကုန်းကျေးရွာမှ ထိခိုက်ဒဏ်ရာရရှိသူ(၆၁)ဦး၊ သေဆုံး အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦး၊ စုစုပေါင်းဒဏ်ရာရရှိသူ (၁၀၉)ဦး၊ သေဆုံးသူ စုစုပေါင်း ၆ ဦး ထိ ရှိကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရသောလူနာများနှင့် သေဆုံးသူရုပ်အလောင်းများကို လယ်ဝေးမြို့နယ် ခုတင် ၁၀၀ ဆံ့ဆေးရုံနှင့် ဇမ္ဗူသီရိမြို့နယ် ခုတင် ၁၀၀၀ ဆံ့ ဆေးရုံများသို့ လူမှုကူညီရေးအသင်းအဖွဲ့များမှ ပို့ဆောင်ခဲ့သည်ဟု သိရှိရသည်။