ပဲခူးတိုင်း၊ပေါင်းတည်မြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးထက်မနည်းပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၀ ရက်နေ့ ၊နံနက်ပိုင်းက ကြို့ကုန်းကျေးရွာမှ စတင်၍ စစ်ကြောင်းထိုးလာသော အင်အား ၂၇ ဦးပါစစ်ကြောင်းကို ကိုင်းကွင်းကျေးရွာအုပ်စု၊သရက်ချဉ်ချောင်းကျေးရွာအနီးတွင် မွန်းလွဲ ၃ နာရီဝန်းကျင်၌ မိုင်း ၂ လုံးဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDF ၃၆၀၁တပ်ရင်းထံကသိရသည်။
“ ကြို့ကုန်းကနေ ခြေလျင်စစ်ကြောင်းထိုးလာတာကိုသတင်းရတာနဲ့ ကြိုတင်မိုင်းထောင်ထားတာ။သရက်ချဉ်ချောင်းရွာနားမှာ စစ်ကြောင်းကမိုင်းကွင်းအဖြတ် ရဲဘော်တွေက မိုင်းဆွဲလိုက်တာ။၃ယောက်အနည်းဆုံးပြင်းထန်ဒဏ်ရာရတယ်။သေဆုံးတဲ့သတင်းကတော့ မတိကျလို့မပြောချင်ဘူး။သူတို့ဘက်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပြန်ပစ်ပေမဲ့ ကျနော်တို့အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြည်ခရိုင် PDF ၃၆၀၁တပ်ရင်း မှသတင်းနှင့်ပြန်ကြားရေး တာဝန်ခံကပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်သားများက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် နာရီဝက်ခန့်ကြာ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ပေါက်ပင်ကုန်းရွာဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်းသိရသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၄၊ တပ်ခွဲ၅နှင့် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၄ တို့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်သားများ ပြင်းထန်ဒဏ်ရာရခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ဧပြီလ ၁၉ ရက်နေ့ကလည်း သဲကုန်းမြို့နယ်ရှိ ဗြဟ္မာ့အင်းကျေးရွာအုပ်စုတာဝန်ကျ နယ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးကို ပြည်ခရိုင် PDF ၃၆၀၂၊တပ်ခွဲ-၄ က အရှင်ဖမ်းရန်ကြိုးစားစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့သည်။