မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးလောင်ပျက်ဆီးခဲ့ရသည့် ကင်းကျေးရွာမှ အိမ်ခြေ ၁၇၀ ကျော်အတွက် လိုအပ်သည့် အခြေခံစားသောက်ကုန်များကို ယနေ့ ဧပြီလ ၂၀ ရက်နေ့က မန္တလေးတိုင်း အခြေစိုက် နတ်ဆိုးတော်လှန်ရေး တပ်ဖွဲ့တခုမှ သွားရောက်ကူညီပေးအပ်ခဲ့သည်။
အိမ်ခြေ ၁၇၀ ကျော်အတွက် ကျနော်တို့ဘက်ကနေ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ငါးခြောက်နဲ့ ကြာရှည်ခံ အစားအစာတွေကို သွားကူညီပေးတာပါ။ ကျနော်တို့ လေးစားတန်ဖိုးထားရတဲ့ ပြည်သူတွေ အသိအမှတ်ပြု လှူဒါန်းထားတဲ့ အလှူငွေတွေနဲ့ပဲ အိမ်ခြေ ၁၇၀ ကျော်ကို တက်နိုင်သမျှလေး ကူညီပေးတာပါ။။ ဟု နတ်ဆိုး ဟု ခေါ်သော မြေအောက်တော်လှန်ရေး တပ်ဖွဲ့ တာဝန်ခံက ဆိုသည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ကင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့များမှ ဧပြီလ ၁၁ ရက်နေ့က စစ်ကြောင်းထိုး မီးရှို့မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ကင်းကျေးရွာရှိ လူနေအိမ် ၁၈၀ ခန့် နှင့် စာသင်ကျောင်းဆောင် နှစ်ဆောင် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း စုံစမ်းသိရသည်။
အာဏာသိမ်း ကာလအတွင်း မန္တလေးတိုင်းတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၃၈၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့မှ ထုတ်ပြန်ချက်များအရ သိရသည်။