ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ဧပြီလ ၁၇ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံကူး လက်မှတ်အမျိုးအစားများ ဖြစ်သည့် အလည်အပတ် ပတ်စ်ပို့နှင့် ပညာရေး ပတ်စ်ပို့များကို သက်တမ်းတိုးလျှင် ထောက်ခံစာ အဆင့်ဆင့်နှင့် သက်တမ်းတိုးရမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ထုတ်ပြန်ကြေညာချက် အသစ်တွင် ပတ်စ်ပို့ သက်တမ်းတိုးလိုလျှင် မြန်မာနိုင်ငံတွင် နေထိုင်သည့် ဒေသမှ ရဲစခန်းထောက်ခံစာ၊ မြန်မာနိုင်ငံတွင် နေထိုင်သည့် ဒေသမှ ရပ်ကွက်ရုံးထောက်ခံစာ၊ မြန်မာနိုင်ငံမှ အရာရှိ၏ ဝန်ထမ်းကဒ်ပါ ပူးတွဲတင်ပြရမည့် ပြန်တမ်းဝင်အရာရှိတစ်ဦး၏ ထောက်ခံစာ၊ နိုင်ငံသားစိစစ်ရေးကဒ်များပါ ပူးတွဲတင်ပြရမည့် မိဘနှစ်ပါး၏ ထောက်ခံချက်၊ ကာယကံရှင်၏ ပြည်ပရောက်ရှိနေချိန် ဆောင်ရွက်မှု အသေးစိတ် ကိုယ်ရေးအချက်အလက်စာ၊ ကျောင်းတက်ရောက်နေပါက ကျောင်းနှင့် ပတ်သက်သည့် အထောက်အထားများပါ တပါထဲ တင်ပြရမည်ဟု ဖော်ပြပါရှိသည်။
၎င်းကြေညာချက်နှင့် ပတ်သက်ကာ ချင်းမိုင်တွင် လက်ရှိနေထိုင်နေသူတစ်ဦးမှ ဒါ သက်သက်ယုတ်မာတာလေ။ သူများနိုင်ငံမှာ နေရတာ အဆင်မပြေရတဲ့ကြားထဲက မျိုးစုံထပ်ပြီးတောင်းတာလေ၊ ရဲစခန်းထောက်ခံစာ တွေရော၊ ရပ်ကွက်ထောက်ခံစာတွေရော အထူးသဖြင့် အဆိုးဆုံးကတော့ ပြန်တမ်းဝင်အရာရှိရဲ့ ထောက်ခံစာတောင်းတာပဲ။ အဲ့ဒါမှာ အရာရှိဝန်ထမ်းကဒ်ကော ပါရမယ်ဆိုတော့ ဒါ သက်သက်ဂွင်ဖန်တာပဲ။ အဲ့ဒီလူတွေကို ပိုက်ဆံပေးရတော့မှာလေ ဟု ဝေဖန်ထောက်ပြခဲ့သည်။
စစ်ကောင်စီတပ်မှ အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံအတွင်းမှ ပြည်ပသို့ နည်းမျိုးစုံနှင့် ထွက်ခွာသူများ များပြားလာခဲ့ခြင်းကြောင့် စစ်ကောင်စီအနေနှင့် ပြည်ပထွက်ခွာနိုင်မည့် အခြေအနေများကို နည်းလမ်းမျိုးစုံနှင့် တင်းကျပ်မှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
အလားတူ မြန်မာပြည်တွင်းမှာလည်း ပတ်စ်ပို့ သက်တမ်းတိုးခြင်းများ၊ ပတ်စ်ပို့ အသစ် ပြုလုပ်ခြင်းများကို Online Passport လျှောက်လွှာတင်ခြင်းများနှင့် ပတ်သတ်ဆောင်ရွက်မည်ဟု ဆိုကာ အွန်လိုင်းစနစ် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ယင်းစနစ် စတင်လုပ်ဆောင်ခွင့်ပေးခဲ့သည့်နေ့မှာတင် အွန်လိုင်းစနစ်မှာ system error ဖြစ်ပေါ်သည်အထိ လုပ်ဆောင်မှုများ အဆမတန် များပြားခဲ့သည့်အတွက် ရပ်ဆိုင်းခဲ့ရသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခြင်း၊ ပတ်စ်ပို့ အသစ်လုပ်ခြင်းများ ဆောင်ရွက်မည် ဆိုလျှင် အလားတူ သက်ဆိုင်ရာ အဆင့်ဆင့်၏ ထောက်ခံချက်များ ပါရှိမှသာ လုပ်ဆောင်နိုင်မည် ဖြစ်သည့်အတွက် သာမာန် ပြည်သူများအတွက် လုပ်ဆောင်ရန် ခက်ခဲနေလျှက် ရှိသည်။
သို့သော်လည်း ငွေကြေးတတ်နိုင်လျှင် တရားမဝင်နည်းလမ်းများဖြင့် လုပ်ဆောင်နေသည်များတော့ ရှိနေဆဲ ဖြစ်သည်။
ပုံမှန်လမ်းကြောင်းဆိုရင်တော့ ကြာမယ်။ အသစ်လျှောက်၊ သက်တမ်းတိုးရင် ၃ သောင်းခွဲပဲ ကျမယ်။ ပျောက်ဆုံး၊ ပျက်ဆီးရင်တော့ ၇ သောင်းခွဲကျမယ်ပေါ့။ အမြန်လမ်းကြောင်းနဲ့ ဆိုရင်တော့ ရန်ကုန်မှာဆို ၆ သိန်းခွဲ၊ နေပြည်တော်မှာဆိုရင်တော့ ၈ သိန်းခွဲထိ ပေါက်ဈေး ရှိတယ်။ ဟု ပွဲစားတစ်ဦးက ဆိုသည်။
ရန်ကုန်ရှိ ပွဲစားတစ်ဦးကို စုံစမ်းမေးမြန်းကြည့်ရာတွင် ၎င်းက ပြောကြားသည်မှာ ရိုးရိုးလမ်းကြောင်းသာဆိုရင် ခက်ခဲမှာ၊ အခုက ရိုးရိုးမဟုတ်ဘဲ အမြန်လမ်းကြောင်းနဲ့ သွားမှာဆိုတော့ လိုအပ်တဲ့စာရွက်စာတမ်းတွေ အကုန် ပြောလို့ရနိုင်တယ်။ အဲ့အတွက် အခက်အခဲ မရှိပါဘူး။ ငွေကိုတော့ စရံ တဝက်ပဲ ကြိုပေးထားဖို့ပဲ လိုတယ်။ တကယ်လို့ ပတ်စ်ပို့ မရခဲ့ဘူူးဆိုရင် ငွေပြန်အပ်းပေးမှာပါ ဟု ဆိုသည်။
ယခုလက်ရှိတွင် Online booking စနစ်အပြင် Green Channel ဖြင့်လည်း လျှောက်ထားကာ ရနိုင်ကြောင်း တရားဝင်ကြေညာထားသည်။ ၎င်း Green Channel ဖြင့် လျှောက်ထားလျှင် Online Appointment ယူရန် မလိုအပ်ဟု သိရသည်။ Green Channel ဖြင့် လျှောက်ထားရနိုင်သူများမှာ MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သဘောၤသားများ၊ ပြည်ပသို့ ခွင့်ဖြင့်သွားရောက်မည့် ကိစ္စရပ်များ၊ ပြည်ပသို့ ဆေးကုသွားမည့်သူများ၊ ဆေးကုဖော်လိုက်ပါမည့်သူများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားအေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့်သူများသာ အကြုံးဝင်သည်ဟု စုံစမ်းသိရသည်။