ကရင်ပြည်နယ်၊မြဝတီ-အာရှလမ်းပိုင်းကို ယာယီ ပြန်လည်ဖွင့်လှစ်ထားကြောင်း ကော်ဘရာစစ်ကြောင်းတပ်ခွဲမှူးကပြောသည်။
မတ်လ ၁၉ရက်နေ့ ညနေပိုင်းမှ စတင်ပြီး မြဝတီ-အာရှလမ်းပိုင်းကို ယာယီပြန်လည်ဖွင့်လှစ်ထားပြီး ကားဖြတ်သန်းသွားလာမှုများ ရှိနေကြောင်း သိရသည်။
“ ကျွန်တော်တာဝန်ယူထားတဲ့ မြဝတီ-အာရှလမ်းပိုင်းကိုတော့ လောလောဆယ် ခဏဖွင့်ထားတယ်ဗျ။ကော့ကရိတ်-ကျုံဒိုးပိုင်းကတော့ ကျွန်တော်တာဝန်ယူထားတာမဟုတ်တော့ သေချာမသိဘူး” ဟု ကော်ဘရာစစ်ကြောင်း တပ်ခွဲမှူး ကိုရှိုင်းကပြောသည်။
မြဝတီမြို့မှ ရန်ကုန်သို့ ကိုယ်ပိုင်ယာဉ်များဖြင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကို ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းအခြေအနေနှင့်ပတ်သက်ပြီး MPAက မေးမြန်းရာ အတားအဆီးများမရှိဘဲ အဆင်ပြေစွာ သွားလာနိုင်ခဲ့ကြောင်း ပြောသည်။
“ ဒီနေ့မနက် ၇နာရီက မြဝတီကနေ ရန်ကုန်သွားတာ။ခရီးသည် ငါးယောက်နဲ့ပေါ့။ဘာအတားအဆီးမှ မရှိပါဘူး။အေးဆေးပါပဲ။တိုက်ပွဲအသံတော့နားထောင်ရတာပေါ့။မနေ့ကဖြစ်နေတဲ့တိုက်ပွဲတွေက အာရှလမ်းပိုင်းနဲ့ လှမ်းပါတယ်။Expressကားကတော့ ဖြတ်သန်းတာ မတွေ့သေးဘူး “ ဟု ၎င်းကပြောသည်။
မြ၀တီ -ကော့ကရိတ်လမ်းမကြီးကို လတ်တလောဖြတ်သန်းသွားလာနေကြသည့် ယာဉ်ကြီး၊ယာဉ်ငယ်များအနေနှင့် သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တို့၏ ထုတ်ပြန်ချက်များအတိုင်း လိုက်နာပေးကြရန် Federal Wingsတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် မြ၀တီ -ကော့ကရိတ်လမ်းမကြီးမှတစ်ဆင့် အရပ်သားကားများ အသုံးပြုကာ လူ၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများပို့ဆောင်လျက်ရှိသဖြင့် ပြည်သူများအနေနှင့် ဧပြီ၇ရက်မှ ၂၁ရက်နေ့အထိ ဖြတ်သန်းသွားလာခြင်းလုံးဝမပြုလုပ်ကြရန် ကော်ဘရာစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Lion Battalion စစ်ကြောင်း၊ KNU/KNLA(PC) ၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့က ထုတ်ပြန်ထားခဲ့သည်။