မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တကောင်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကားနှစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ဦးကျော်သေဆုံးခဲ့ကြောင်း တကောင်းပကဖ ကထုတ်ပြန်သည်။
တကောင်းတိုက်နယ် အတွင်း ဧပြီ ၁၃ရက်နေ့မှ ၁၅ရက်အထိ စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့ပြီးဒဏ်ရာရခဲ့သည့် စစ်သားများကို ဧပြီ ၁၈ရက်နေ့က တကောင်းမြို့ဆေးရုံမှ ၇မိုင်စစ်ဆေးရုံသို့ ပို့ ဆောင်စဉ် မတောင်ရွာအနီး၌ ရှေ့ထွက်မိုင်းနှစ်လုံးဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ဒဏ်ရာပြင်းထန်တဲ့စစ်သားတွေကိုတကောင်းမြို့ဆေးရုံကနေ ၇မိုင်စစ်ဆေးရုံကိုပို့ဖို့လာတဲ့အချိန်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ၊ပျက်စီးသွားတဲ့ကားကိုအောက်ဘက်ပြန်သယ်သွားတယ်” ဟု တကောင်းပကဖတာဝန်ရှိသူကပြောသည်။
ဆေးကုသရန်လိုအပ်သည့်စစ်သားများ ကားအဖုံးဖွင့်လိုက်ပါလာသည့်အတွက် နောက်ကားကို မိုင်းဆွဲတိုက်ခိုက်ချိန်၌ ကားအတွင်းထဲထိမိုင်းထိမှန်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားများ သေနတ်ဖြင့် ပြန်မပစ်နိုင်သည်အထိ ထိခိုက်မှုများခဲ့ကြောင်း တကောင်းပကဖ ကဆိုသည်။
ကားပေါ်ပါ စစ်သားများသေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
တကောင်းတိုက်နယ်အတွင်း သုံးရက်ကြာတိုက်ပွဲ၌ စစ်ကောင်စီတပ်ကလေကြောင်းအသုံးပြုပစ်ခတ်ခဲ့ရာ ကျေးရွာ ၁၀ရွာဝန်းကျင်က ဒေသခံပြည်သူ ၄၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။