မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် တောမီးရှို့ရာမှ အရှိန်လွန်ပြီး တောမီးလောင်မှုဖြစ်ပွားခဲ့ရာ ကချင်ရွာရှိပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။
ဧပြီလ ၁၉ ရက်နေ့၊ည ၇နာရီခွဲခန့်က တာချီလိတ် မြို့၊ဝမ်ကောင်းရပ်ကွက် (ကချင်ရွာ အနီး) တောင်ပေါ်တွင် တောမီးလောင်ခဲ့ပြီး မီးပြင်းထန်ခဲ့ကြောင်း တာချီလိတ်မြို့နေ ပြည်သူတစ်ဦးကပြောသည်။
“ မနေ့က မီးလောင်တာများတယ်။ကချင်ရွာနားထိ မီးတွေလောင်တာ။ရော်ဘာတောတွေထဲအထိကူးတယ်။မီးက ပြင်းလား၊မပြင်းလားဆို ပုန်းထွန်အထိ မီးပြာတွေကျတာ။ကချင်ရွာကလူတွေဆို ပစ္စည်းတွေထုတ်ပြီး ထွက်ပြေးရတယ်။မြို့ထဲကနေတောင် ပေါက်ကွဲသံ သဲ့သဲ့ကြားရတယ်” ဟု ၎င်းကပြောသည်။
တောမီးသည် ၃ နာရီကြာလောင်ကျွမ်းခဲ့ပြီး မီးပြင်းထန်ခဲ့၍ တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့က ကချင်ရွာရှိနေအိမ်များကို ရေပက်ဖြန်းခြင်းနှင့်မီးတားခြင်းတို့ လုပ်ဆောင်ခဲ့ရကြောင်း ကချင်ရွာနေပြည်သူတစ်ဦးကပြောသည်။
“ မီးက များတော့ အကုန်ပြေးရတာ။ရွာကို မီးမကူးဖို့ ဆုတောင်းနေရတာပေါ့။မီးသတ်ကားတွေက ၈နာရီလောက်မှ ရောက်တာ။ရွာနားကို မီးမကပ်အောင် ည ၁၀နာရီကျော်လောက်မှ လုပ်လို့ပြီးတာ။ဒါနဲ့ဆို ညီမတို့နား တောမီးလောင်တာ ၂ခါရှိပြီ။ဒီတစ်ခါက ရွာနားထိရောက်တာပဲ” ဟု ၎င်းကပြောသည်။
လက်ရှိတွင် မီးထိန်းနိုင်ပြီဖြစ်သော်လည်း မီးတမြည့်မြည့်လောင်ကျွမ်းနေမှုကြောင့် ပုန်းထွန်နှင့်ကျောက်တောင်ဘက်တွင် မီးခိုးလုံးများထွက်ပေါ်နေသေးကြောင်း သိရသည်။
မတ်လ ၂၃ ရက်နေ့ ညပိုင်းမှ မတ်လ ၂၇ရက်နေ့အထိ ထိုင်းနိုင်ငံဘက်မှ တောမီးလောင်မှုကြောင့် တာချီလိတ်မြို့ လေထုအရည်အသွေး အညွှန်းကိန်းသည် ကျန်းမာရေးအတွက် အလွန်မသင့်တော်သည့် အခြေအနေ၏ နှစ်ဆအထိ ရောက်ရှိခဲ့သေးသည်။