မကွေးတိုင်း၊ရေစကြိုမြို့အထွက်တွင် စစ်သားများတင်ဆောင်လာသော၁၂ဘီး ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာသေဆုံးထိခိုက်များနိုင်ကြောင်း သိရသည်။
ယနေ့ နံနက် ၇နာရီခွဲခန့်တွင် ရေစကြိုမြို့စစ်တပ်ထဲမှ ထွက်လာသော ၁၂ ဘီးကား ကို မြို့အထွက် ဘက်စုံကွေ့အနီး၌ မိုင်း ၆ လုံးတွဲမိုင်းဖြင့် အတွဲလိုက်ခွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ်(ပကဖ)ကထုတ်ပြန်သည်။
“ရေစကြိုမြို့အခြေစိုက်တပ်ကနေ စစ်သားအပြည့်နဲ့ထွက်လာတာ။ခလရ ၂၅၈ တပ်ကဖြစ်ဖို့များတယ်။၁၂ ဘီးကားပေါ်မှာ စစ်သား အပြည့်ပါတယ်။ကျနော်တို့ ရဲဘော်တွေက ဘက်စုံကွေ့ နားအရောက်မှာ ၆ လုံးတွဲမိုင်းနဲ့ဆွဲလိုက်တာ”ဟု ရေစကြိုမြို့နယ်(ပကဖ) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ၁၂ ဘီးကားသည် ဆက်လက်ထွက်ခွာသွားပြီး ရေစကြိုမြို့ပေါ်တွင် လုံခြုံရေးတိုးမြှင့်ထားကြောင်းသိရသည်။
ဒဏ်ရာရစစ်သားများကို လုံခြုံရေးအရအမည်မဖော်ပြလိုသည့် ဆေးရုံတွင် ဆေးကုသနေကြောင်း ၎င်းကဆိုသည်။
ဧပြီလ ၁၆ ရက်နေ့တွင်လည်း ရေစကြိုမြို့နယ်အခြေစိုက် ခလရ ၂၅၆ နှင့် ခလရ ၂၅၈ တို့ကို ရေစကြိုမြို့နယ်(ပကဖ)နှင့်မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး အီနာဂါ ဗုံးသီး ၃ လုံးချတိုက်ခိုက်ခဲ့သေးသည်။