စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် ကြိမ်ဖန်များစွာလေကြောင်းတိုက်ခိုက်မှုများပါဝင်သော ပြင်းထန်သည့်တိုက်ပွဲများသည် နိုင်ငံအတွင်း ကောင်းမွန်ခြင်းမရှိသေးသည့် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေကို ဆက်လက်ဆိုးရွားစေကြောင်း UNOCHA Myanmar က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအများအပြားတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများနှင့် ကြိမ်ဖန်များစွာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပြီး ယနေ့ထိတိုင် မြန်မာနိုင်ငံ၏ အနောက်မြောက်၊ အရှေ့တောင်ဘက်နှင့် ကချင်ပြည်နယ်တို့ တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်းလည်းဆိုသည်။
ဧပြီလ ၁၁ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ပဇီကြီးကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲကာ စစ်သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သားအများအပြားအပါအဝင် လူ ၁၇၀ ကျော် သေဆုံးခဲ့ရသည့်အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချထားကြောင်း UNOCHA Myanmar က ဆိုသည်။
“မြန်မာပြည်သူတွေကို မင်းအောင်လှိုင်သတ်တဲ့အခါတိုင်း ပြင်းထန်စွာရှုတ်ချတယ်ဆိုတဲ့ကြေညာချက်ပဲထုတ်နေတော့ မြန်မာပြည်သူတွေရဲ့အသက်ဟာ ကြေညာချက်ထုတ်ပြန်ရုံအဆင့်လောက်ပဲတန်ဖိုးရှိသလားလို့ မေးခွန်းထုတ်ရမယ်”ဟု မဲဆောက်အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကပြောသည်။
မြန်မာနိုင်ငံအတွင်း အရပ်သားထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများသည် ဆက်လက်မြင့်တက်နေကြောင်း လည်း UNOCHA Myanmar ကဆိုသည်။
ယခုနှစ် ဧပြီ ၁၀ရက်နေ့အထိ ကုလသမဂ္ဂ၏စာရင်းအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီး ယင်းဦးရေထဲမှ ၁ ဒသမ ၅ သန်းနီးပါးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း ဖော်ပြထားသည်။