မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်ပကဖ)စခန်းကိုစစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ကျပ်သိန်း ၁၅၀၀ ဝန်းကျင်တန်ဖိုးရှိ ခဲယမ်းနှင့် ပစ္စည်းတချို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ် မန်ကျည်းကန်ရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၈ရက်နေ့တွင် Mi 35 လေယာဉ် ဖြင့်ပစ်ခတ်ကာ လေယာဥ်နှင့်စစ်သားများ ချခဲ့ပြီး ဧပြီ၁၉ရက်နေ့က မြိုင်ပကဖစခန်းကိုမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပကဖတာဝန်ရှိသူ ဗိုလ်Cross ကပြောသည်။
“ ရုတ်တရက်ကြီးဆိုတော့ စခန်းထဲက ခဲယမ်းတွေမသယ်နိုင်ဘူး၊လက်နက်တွေတော့သယ်လိုက်နိုင်တယ်၊ရဲဘော်တွေတော့ထိခိုက်ဒဏ်ရာရတာမရှိပါဘူး” ဟု ၎င်း ကဆိုသည်။
ခဲယမ်းများအပြင်၊ကားတစ်စီးနှင့် ဂြိုလ်တုအင်တာနက်စက်လည်း ဆုံးရှုံးသွားကြောင်းသိရသည်။
မြိုင်မြို့နယ် မန်ကျည်းကန်ရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၈ရက်နေ့ နှင့် ဧပြီ ၁၉ရက်နေ့နှစ်ရက်ဆက်တိုက် လေကြောင်းမှပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ်များလည်း ထိမှန်ပျက်စီးခဲ့သည်။
ဧပြီ၁၈ရက်နေ့၊နံနက်၁၁နာရီခန့်က မန်ကျည်းကန်ရွာ ဆေးရုံကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးရုံ အဆောက်အဦ၊ပြည်သူပိုင်နေအိမ် ၄ လုံး၊ ကား ၂စီးနှင့် ဆိုင်ကယ် ၄ စီး တို့ မီးရှို့ဖျက်ဆီးခံရသလို မန်ကျည်းကန်ရွာထဲရှိ အိမ်များထဲမှရွှေနှင့်ငွေတို့ လုယက်ခဲ့ကာ ဖုန်းအလုံး၁၀၀ကျော် လည်း လုယက်သွားခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့က ထုတ်ပြန်ထားသည်။
ထို့အပြင် အသက်၁၆နှစ်အရွယ် ဒေသခံလူငယ်တစ်ဦးကို သတ်ထားခဲ့ပြီး လူ၁၄ဦးအား အထုပ်ထမ်းအဖြစ် ခေါ်ဆောင်သွားကြောင်းလည်း နွေဦးတော်လှန်ရေး-မြိုင်မြို့က ဖော်ပြထားသည်။