ပဲခူးတိုင်း၊သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဆက်ကြေးကောက်ပြီးပြန်လာသော စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကာ သေနတ် ၁ လက်လည်း သိမ်းဆည်းရမိခဲ့ကြောင်း PDF Thegon က သတင်းထုတ်ပြန်သည်။
ဧပြီလ ၁၉ ရက်၊မွန်းလွဲ ၂နာရီ၊မိနစ် ၄၀ခန့်တွင် ဗြဟ္မာ့အင်းကျေးရွာအုပ်စု တာဝန်ကျ နယ်ထိန်းရဲတပ်သား ဇေယျာအောင်ကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ကွင်းကြီးကျေးရွာအနီး တောစပ် တစ်နေရာ၌ ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့သည်။
“သူ့ကို တိုင်စာပို့ထားတာကြာပြီ။သူ့ကို ကျနော်တို့က လက်နက်ချခိုင်းတာ။သူက လက်နက်မချဘဲ သူ့ပါလာတဲ့သေနတ်နဲ့ကျနော်တို့က အရင်စပစ်တာ။ကျနော်တို့က ၃ ချက်ပြန်ပစ်လိုက်တော့ တစ်ခါတည်းသေသွားတယ်။သူ့ဆီက သေနတ်နဲ့အခြားပစ္စည်းတွေသိမ်းဆည်းရမိတယ်။ဒီကောင်ကသစ်မှောင်ခို၊လောင်းကစားသမားတွေဆီက ဆက်ကြေးကောက်တယ်။စိုက်ဘဏ်ငွေပြန်ဆပ်ဖို့ သူက ရွာတွေမှာအဓိကလိုက်ပြောတယ်။ခြိမ်းခြောက်တယ်။အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီးဗိုလ်လုပ်နေတာပေါ့”ဟု PDF Thegon တပ်ခွဲမှူး ဗိုလ်ဆူးထက် ကပြောသည်။
ယင်းနယ်ထိန်းရဲတပ်သားထံမှ G3 မောင်းပြန် ၁ လက်၊ကျည်ဘောက် ၂ ခု၊ကျည် ၁၁၉တောင့်၊ဖုန်း ၁ လုံး၊လက်ထိပ် ၁ ခုနှင့်ဆိုင်ကယ် ၁ စီး သိမ်းဆည်းရမိခဲ့သည်။